NEJ/ ၂၂ ဒီဇင်ဘာ ၂၀၀၇
ကေအန်ယူ ဒေသများအတွင်း နအဖနှင့် ဒီကေဘီအေပူးတွဲပြီး ထိုးစစ်ဆင်နေမှုများအား ခုခံတိုက်ဖျက်သွားကာ ပြည်တွင်းပြည်ပ နှစ်ရပ်စလုံးနှင့်ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးရေး တံခါးပွင့်လာစေရန် ကြိုးစားသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။
ယမန်နေ့က ပြီးဆုံးသွားသည့် ဗဟိုကော်မတီအစည်းအဝေးအား ကေအန်ယူအခြေခံဒေသ တနေရာတွင် ယခုလ (၁၇) ရက်မှ စတင်ပြုလုပ်ခဲ့ပြီး KNU ခေါင်းဆောင်များ၊ တပ်မဟာအသီးသီး
မှတပ်မဟာမှူးများ၊ ခရိုင်ဥက္ကဌများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ စုံညီစွာတက်ရောက်ကြသည်။
ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းက “လက်ရှိနိုင်ငံရေးအခြေအနေကို ပြန်သုံးသပ်တဲ့အခါမှာ ကျနော်တို့ပြည်သူတွေ၊ ရဲဘော်တွေဟာ စိတ်ဓာတ်မကျသွားဘူး။ နအဖရဲ့ထိုးစစ်တွေကို ဆက်ပြီးတော့ တိုက်ပွဲဝင်မယ်။ ကျနော်တို့အနေနဲ့ ပြည်တွင်းမှာရှိတဲ့ တိုင်းသားလူမျိုးစုတွေ၊ ပြည်သူတွေ၊ ကျန်တဲ့နိုင်ငံရေးပါတီအဖွဲ့အစည်းတွေနဲ့လက်တွဲပြီး ကြိုးပမ်းသွားမယ်လို့ ဆုံးဖြတ်ချက်ရှိပါတယ်” ဟု ပြောသည်။
နအဖစစ်အစိုးရက ဒီကေဘီအေနှင့်ပူးတွဲပြီး အာရှလမ်းမဖောက်လုပ်ရန်အတွက် ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၆) နယ်မြေအား (၃) လနှင့် အပြုတ်တိုက်မည်ဟု ကြွေးကြော်ထား
ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မန်းကျော်ဖေ က “ဒီနှစ်အောက်တိုဘာလကစပြီး ဒီကေဘီအေနဲ့နအဖ ပူးပေါင်းတပ်ဖွဲ့တွေဟာ တပ်မဟာ (၆) နယ်မြေကို အပြုတ်တိုက်မယ်လို့ ကြုံးဝါးထားတယ်။ ကျနော်တို့ကိုလာတိုက်ဖို့ သူတို့အနေနဲ့ လူသူလက်နက် နယ်မြေအနေအထားကျွမ်းကျင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျနော်
တို့ဒေသမှာ ဘယ်နေရာမှာ ဘာရှိလဲဆိုတဲ့ အားသာချက်နဲ့ ခံစစ်ရှင်ပြောက်ကျားစနစ်ကို အသုံး
ပြုပြီး တွန်းလှန်သွားမှာဖြစ်တယ်။ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ အပြုတ် တိုက်ရေးလမ်းစဉ်ဆိုတာကိုပဲကိုင်စွဲပြီး ဖြေရှင်းမယ်ဆိုတဲ့နည်းကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟုပြောသည်။
အစည်းအဝေးတက်ရောက်လာသူ တပ်မဟာ (၁) ဒေသ သထုံခရိုင်ဥက္ကဌ ပဒိုအောင်ရွှေ က
လည်း သထုံခရိုင်အတွင်း နအဖစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြသည်။
၎င်းက “ပြီးခဲ့တဲ့ နိုဝင်ဘာလကနေစပြီးတော့ နအဖတပ်ရင်း (၇) ရင်း၊ ဗျူဟာ နှစ်ဗျူဟာ ကျနော် တို့ခရိုင်ထဲကိုရောက်နေပြီး ရိက္ခာသယ်ဖို့ လမ်းတွေဖောက်တယ်၊ လမ်းတွေ ပြင်တယ်။ တရွာကို
လူ (၃၀) နှုန်းနဲ့ လမ်းတွေဖောက်ခိုင်း မြေတွေသည်ခိုင်းတယ်။ ကိုယ့်စရိတ်ကိုယ်စားပြီး သွားလုပ် ပေးရတယ်။ ကြိုးဝိုင်းရွာ မြစ်ကျိုးရွာနဲ့ အဲဒီအနီးအနားကရွာတွေ အားလုံးသွားပြီးတော့ အလုပ် လုပ်ပေးရတယ်။ အခုအချိန်က စပါးရိတ်သိမ်းချိန်ဆိုတော့ ရွာသားတွေ အတော်ဒုက္ခရောက်ကြ
တယ်။ အတင်းအဓမ္မခိုင်းတယ်၊ စစ်တပ်က ရိက္ခာတွေ တောင်းတယ်” ဟု ပြောသည်။
သထုံခရိုင်အတွင်း နိုဝင်ဘာလမှစ၍ နအဖစစ်တပ်က စစ်သုံးလမ်းများ ဖောက်လုပ်လျက်ရှိရာ ကျိုက်ကော်မှ ပိန္နဲတော၊ လေးကေ၊ ကျသောင်းဆိပ်ရွာအထိဖြစ်ပြီး တံတားထိုးရမည်ဆိုပါက လိုအပ်သည့် သစ်ဝါးများအား ဒေသခံရွာသားများက ရှာဖွေပေးနေရသည်ဟု ပဒို အောင်ရွှေက ပြောသည်။
KNU ဒေသများအတွင်း ထိုးစစ်ဆင်နေသည့် နအဖတပ်ရင်းပေါင်း (၁၈၇) ရင်း ရှိကြောင်း သိရသည်။

ကျနော်
ဒီကနေ့အသက် ၈၈နှစ် ပြည့်ပါပြီ။ ဒီနေ့မှာပဲ အမှတ်တရအနေနဲ့ ကျနော် ပြည်သူများကို စကားအနည်းငယ်ပြောကြားလိုပါတယ်။ ပထမဆုံးအနေနဲ့ ကျနော်ချစ်မြတ်နိုး လှတဲ့ ပြည်သူအပေါင်းကို အားပေးစကား၊ ထောက်ခံစကား ပြောကြားလိုပါတယ်။ ကျနော်တို့ ပြည်သူတွေ စွန့်လွှတ်မှုကြီးစွာ၊ သူရ သတိကြီးမားစွာ၊ ဇွဲနပဲကြီးစွာနဲ့ မိမိတို့လိုလားတဲ့ ဒီမိုကရေစီ စနစ်တရပ်ရဖို့၊ မိမိတို့ဘ၀လွတ်မြောက်ဖို့၊ တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ စဉ်ဆက်မပြတ်ကြိုးပန်းနေမှုအပေါ် ကျနော်သိပ်ဂုဏ်ယူပါတယ်။ ခင်ဗျား တို့တတွေ အားမ လျှော့ဘဲဆက်ကြိုးစားကြပါ။ ကျနော် အမြဲထာဝရ ခင်ဗျားတို့ကို ထောက်ခံအားပေး သွားပါ့ မယ်။ ခင်ဗျားတို့နောက်ဆုံး အောင်မြင်မှာပါ။ ဒုတိယ တိုက်တွန်းပြောကြားလိုတာကတော့၊ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ၊ လူမျိုးစုခေါင်းဆောင် တွေကိုပါ။ ခင်ဗျားတို့တကယ်ပဲ တိုင်းပြည်နဲ့ပြည်သူတွေကို ချစ်တယ်ဆို ရင် အတိတ်တွေအားလုံး၊ အမြင်မတူတာတွေအားလုံးဘေးဖယ်ပြီး အလွန်ကြီးမားကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးတရပ် ပေါ်လာ အောင် ကြိုးစားကြပါ။ အခုချိန်ဟာ ဒီမိုကရေစီလှုပ်ရှားမှု အတွက် နိုင်ငံတကာက ထောက်ခံမှုကို မရစဖူး အကြီးအကျယ်ရနေချိန်၊ ပြည်သူတွေရဲ့ နိုင်ငံ ရေးစိတ်ဓါတ်အရှိန် မြင့်နေချိန်၊ ဒီအခွင့်ကောင်း ကိုဆုပ်ကိုင်ပြီး သဘောထားကြီးကြီးထားပြီး စည်းလုံးညီညွတ်ရေးရအောင် ကြိုးစားကြပါလို့ တိုက်တွန်း ပါရစေ။ တတိယကတော့ ကျနော်ကိုယ်တိုင် ပါဝင်တည်ဆောက်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးက ဗိုလ်ချုပ်ကြီးများကစလို့ အောက်ခြေတပ်မှူးတပ်သားအားလုံးကို သတိပေးစကား ပြောလိုပါ တယ်။ ကျနော်လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ် ၁၉၇၆ ခုနှစ်က တိုင်းပြည်သို့ တိုင်းပြည်သို့တင်ပြ ချက်ဆိုတဲ့ မိန့်ခွန်းတရပ် အသံလွှင့်ပြောဖူး ပါတယ်။ အဲဒီတုန်းက ခင်ဗျားတို့တပ်မတော်သား များကို ခင်ဗျားတို့ ဒီအတိုင်းသွားရင်တော့ အတော မသတ်တဲ့ ပြည်သူ့သတ်ပွဲတွေ လုပ်သွားရ လိမ့်မယ်။ ခင်ဗျားတို့ နောင်သားစဉ်မြေးဆက် ခေါင်းဖော်ရဲ မှာမဟုတ်ဘဲ သမိုင်းအမှိုက်ပုံးထဲ ပြည်သူတွေကစွန့်ပစ်ကြလိမ့်မယ်လို့ ထောက်ပြပြောဆိုခဲ့ဖူးပါတယ်၊ အခု ခင်ဗျားတို့ဘ၀ကိုပြန် ကြည့်ပါ ခင်ဗျားတို့တတွေ ကျေးလက်တောရွာ ဒေသတွေမှာ လူမျိုးစုဒေသ တွေမှာ ထောင်တွေအချုပ်ခန်းတွေထဲမှာ သတ်ခဲ့၊ ဖြတ်ခဲ့၊ အနိုင်ကျင့်ခဲ့တာတွေ နည်းသလား။ ရန်ကုန်မြို့အပါအ၀င် မြို့တကာကလမ်းတွေပေါ်မှာရော ပြဿနာပေါ်တိုင်း သွေးချောင်းစီး သတ်ဖြတ်ခဲ့တာ ရောနည်းသလား။ လူအများအပြားကို ဖမ်းဆီးနှိပ်ဆက်၊ ပုဒ်မအမျိုးမျိုးတပ်ပြီး နစ်ရှည်ထောင်ဒဏ်တွေ ချနေတာရော နည်းသလား။ အခုနောက်ဆုံး စက်တင်ဘာ သံဃာ့အရေးတော်ပုံမှာ ရန်ကုန်မြို့လယ်ခေါင် ရွှေတိဂုံဘုရားခြေတော်ရင်း၊ ဆူးလေဘုရား ခြေတော်ရင်းတွေမှာ ဘုရား သားတော်သံဃာတော်များကို ရိုက်ရ၊ နှက်ရ၊ သတ်ဖြတ်ရလုပ်နေ ရပြန်ပါပြီ။ ခင်ဗျားတို့တတွေ ဒီလိုအတောမသတ် သွေးချောင်စီး သတ်ဖြတ်ပြီး ဖိနှိပ်လိုက်လို့ ပြဿနာတွေ ပြေလည်သွားသလား။ လူထုက ကာလတခုပဲ ငြိမ်သွားပြီး။ ပြန်ထကြွတာပဲ မဟုတ်လား။ ခင်ဗျားတို့ပဲ ဂုဏ်သိက္ခာတွေကျပြီးရင်းကျရင်းနဲ့ ကမ္ဘာ့အလယ်တံတွေး ခွက် ပက်လက်မြောရပြီး၊ လူတောမတိုးရဲတဲ့ဘ၀ ရောက်ရပြီးမဟုတ်လား။ ပြည်သူတွေရဲ့ မုန်းတီးရွံ ရှာနာကျည်းမှုကတော့ ပြောစရာမရှိတော့ဘူး။ ဒါ့ကြောင့် ခင်ဗျားတို့အနေနဲ့ ထစ်ကနဲ့ရှိတိုင်း လက်နက် သုံးအကြမ်းဖက် ဖြေရှင်းတဲ့နည်းကို စွန့်လွှတ်လိုက်ပါတော့။ နောက်ဖြေရှင်းနည်းတခု ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းကို စမ်းသပ်လုပ်ဆောင်ကြည့်ပါလို့ အကြံပေးပါရစေ။ ခင်ဗျားတို့တ ကယ်ပဲ ပြည်သူတွေကိုချစ်ရင်၊ ပြည်သူတွေပေါ်မှာ သဘောထားမှန်ရင်၊ အခု ကုလ သမဂ္ဂက ၀င်ရောက် ဖြန်ဖြေလုပ်ဆောင်ပေးနေတဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ၀င်ရောက်လုပ် ဆောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ကဲဒီလောက်ပါဘဲဗျာ
နေ့စွဲ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်