နောက်ဆုံးသတင်း - မြန်မာ

Tuesday, 25 March 2008

ဒါရိုက်တာကြီး နအဖ နှင့် စစ်သားကြီး ကိုရွှေမင်းသား၊ ရဲမေလေး မင်းသမီးချောတို့၏ စစ်ကား

ကျနော့်အိမ်မှာ ရုပ်မြင်သံကြား (TV) တလုံးရှိတယ်။ (TV)မှာ ရတဲ့ လှိုင်းကတော့ အများကြီးပဲ။ တခြားလှိုင်းတွေကတော့ ကိုယ့်ဘာသာ စကားမဟုတ်လို့ နားမလည်ဘူး။ နေ့လယ်နေ့ခင်း ပျင်းလို့ရှိရင် ကိုယ်ကောင်းကောင်း နားလည်တဲ့ မြန်မာ့ အသံလွှင့်ဌာန MWD/MRTV က လွှင့်တဲ့ ကိုရီးယားဇာတ်လမ်းတွဲပဲ ထိုင်ကြည့်ပါတယ်။ ယခုတလော သတိထားမိတယ်၊ စစ်ကားတွေ တနေ့တကား ပုံမှန်လွှင့်ပေးလာပါတယ်။ စစ်ကားဆိုလို့ နိုင်ငံခြားက စစ်ကားတွေ မဟုတ်ဘူးနော်။ မြန်မာပြည်က ဒါရိုက်တာလည်း သူတို့ပဲ၊ ဇာတ်ညွန်းရေးသူလည်း သူတို့ပဲဖြစ်တဲ့ နအဖ စစ်ဘီးလူးတွေရဲ့ စစ်ကားပဲဖြစ်ပါတယ်။ သရုပ်ဆောင် တွေကတော့ နအဖ ရဲ့ ကောက်ကျစ်ယုတ်မာတဲ့ ဥာဏ်နီဥာဏ်နက်တွေနဲ့ ပြည်သူတွေကို လှည့်စား၊ မျက်စိလည်အောင် အထင်မှားအမြင်မှားဖြစ်အောင် ၀ါဒဖြန့်ချိရေးကားတွေမှာ သရုပ်ဆောင်ပေးနေသူက ကိုရွှေမင်းသား၊ မင်းသမီးချောလေးတွေပဲ ဖြစ်ပါတယ်။

ပြည်သူပြည်သားများခင်ဗျား… နအဖ စစ်အာဏာရှင်တို့ ဘာအကြံညစ်ထုတ်ဦးမလဲ။ သိပါတယ်.. ဇာတ်ကားတွေထဲမှာတော့ တပ်မတော်သား တွေက ရောင်စုံသုပုန် (နအဖ အခေါ်)များကို အသက်နဲ့လဲပြီးတိုက်ရသည့်အပြင် ပြည်သူလူထုတွေကို ကာကွယ်စောင့်ရှောက်ရသေးတယ်၊ တိုင်းပြည်အတွက် အသက်ပေးဆပ်နေရတဲ့ တကယ့်ပြည်သူ့တပ်မတော်လို အခန်းဖြစ်ပါတယ်။ သူတို့စစ်တပ်မရှိလျှင် အဲဒီ သောင်းကျန်းသူ တွေရဲ့ လုပ်ရပ်ကို သိတယ်မဟုတ်လား။ သူတို့(နအဖစစ်တပ်)ရှိလို့ သက်သာတဲ့သဘောမျိုး ပြည်သူတွေကို ပြချင်နေတာဖြစ်ပါတယ်။ တဖက်မှာတော့ သောင်းကျန်းသူ(နအဖ အခေါ်)တွေကတော့ မူးယစ်ရမ်းကား၊ မိန်းမပျိုတွေကို မုဒိန်းကျင့်၊ ရွာကို မီးရှို့ဖျက်ဆီး၊ လူတွေကိုသတ်တဲ့ အခန်းပဲဖြစ်ပါတယ်။ သောင်းကျန်းသူ(နအဖ အခေါ်)တွေရဲ့ ရိုင်းစိုင်းတဲ့အပြုအမူတွေကို ပြည်သူတွေ ယုံလာအောင်၊ မုန်းတီးလာအောင် ပီပီပြင်ပြင် သရုပ်ဆောင်ခိုင်းပြီး၊ သူတို့ဘက်ကို ပြည်သူတွေ ပါလာအောင် သူတို့ (နအဖ) စစ်တပ်က ယဉ်ကျေးသိမ်မွေ့ပြီး တိုင်းသူပြည်သားတွေကို ချစ်မြတ်နိုးတဲ့ တပ်မတော်လို့ ပြည်သူတွေ နားလည်လာအောင် နအဖ စစ်အာဏာရှင်အကြိုက် လိုက်နေတဲ့ သရုပ်ဆောင် မင်းသားမင်းသမီးတွေကို အသုံးချကာ သရုပ်ဆောင်ခိုင်းပြီး ပြည်သူတွေကို လိမ်လည်စည်းရုံးနေပါတယ်။ အဖိနှိပ်ခံ ပြည်သူတို့ရေ…. သွားပြီမယုံမိပါစေနဲ့နော်. တပ်ကြပ်ကြီးလုပ်တဲ့လူက သူတော်ကောင်းဟန်ဆောင်ပြီး အိမ်ရှေ့မှာ အမိုး (အမေ)နဲ့ ယဉ်ယဉ်ကျေးကျေးစကားသွားပြောနေစဉ် တပည့်လုပ်တဲ့လူက အိမ်နောက်ဖေးမှာ အမိုး (အမေ)ကြက်ကို ခိုးစားနေတာ နအဖ စစ်အာဏာရှင်ရဲ့ တပ်မတော်သားတွေဖြစ်ပါတယ်။ ဒါကြောင့် အညှာလွယ်မယ်ဆိုရင်ဖြင့် ပြည်သူလူထုတို့ အိမ်နောက်ဖေးက ထမင်းအိုး ပျောက်သွားဦးမယ် သတိထားနော်။

တကယ့်တော့ သောင်းကျန်းသူဟာ နအဖ စစ်အာဏာရှင်ဖြစ်နေတယ်ဆိုတာ ဟောလိဝုဒ်မင်းသားကြီး ရမ်ဘိုဇာတ်ကားကို ကြည့်ရင် သိပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အဲဒီရမ်ဘိုဇာတ်ကားထက် ကြမ်းသေးတယ်။ ကျနော်တို့ ကြုံတွေ့ခဲ့တဲ့ နအဖ စစ်တပ်ရဲ့ လုပ်ရပ်ကတော့ ဇာတ်ကားထဲကလို ပြည်သူတွေကို ကာကွယ် စောင့်ရှောက်တာ မဟုတ်ပါဘူး။ သူတို့ (နအဖ) သရုပ်ဆောင်ခိုင်းတဲ့ အကြောင်းအရာနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားပြည်သူတွေကို အကြမ်းပတမ်းဖိနှိပ်၊ သတ်ဖြတ်နေတဲ့ တကယ့်လက်တွေ့အဖြစ်အပျက်တွေနဲ့ တလွဲကြီးပါပဲ၊ ဒါဟာ ပြည်သူတွေကို မျက်စိလည်အောင် လိမ်လည်သရုပ်ဆောင်ခိုင်းနေတာ ဖြစ်တယ်။ ပြောင်းပြန်ဖြစ်အောင် သရုပ်ဆောင် ခိုင်းလိုက်တာဖြစ်ပါတယ်။ တချို့ မော်ဒယ်မလေးတွေကလည်း အနားမရပါဘူး။ ဟိုဘက် တံတားကို ပြေးသရုပ်ဆောင်ရ၊ ဟိုဘက် ဆည်မြောင်းကို ပြေးသရုပ်ဆောင်ရနဲ့ မြန်မာပြည်ဟာ ခေတ်မီတိုးတက်လာတဲ့ အကြောင်းပေါ့။ တည်ဆောက်ထားတဲ့ တံတားကြီး၊ ဆည်မြောင်းကြီးတွေကို နောက်ခံထားပြီး ဘာမသိ၊ ညာမသိနဲ့ ကိုယ်လုံးလေးကို ဟိုပစ်ဒီပစ်နဲ့ သရုပ်ဆောင် ပေးနေလိုက်ကြတာ တက်တက် ကြွကြွပါပဲ။ ဘုန်းကြီးဦးဆောင်တဲ့ စက်တင်ဘာ သံဃာ့အရေးအခင်းမှာတော့ အဲဒီမျက်နှာတွေ တယောက်မှ မတွေ့မိပါဘူး။ ပေါင်းလုပ်မှ စားရတယ်ဆိုတာကို အခုမှ သိသွားတယ်။ ပေါင်းမလုပ်ဘူးဆိုရင် မစားရတဲ့အပြင် အခုလောက်ဆိုရင် အင်းစိန်ထောင်ထဲ ရောက်လောက်ပြီပေါ့။ ဒါမျိုးတော့အဖြစ်ဘယ်ခံမလဲနော်။ ပေါင်းစားလို့ ရနိုင်သလောက်ကတော့ ပေါင်းစားလိုက်ဦးမယ် မဟုတ်လား ကိုရွှေမင်းသားမင်းသမီး၊ မော်ဒယ်လေးတို့ရေ…….။ ဒါပေမယ့် ဘယ်လိုပဲ ပေါ်လစီကားတွေ ရိုက်ရိုက်၊ ရုပ်မြင်သံကြားမှာလည်း လွှင့်လွှင့်ပါစေ၊ တံတားတွေ ဆည်မြောင်း တွေရှေ့မှာ မော်ဒယ်လေးတွေ သရုပ်ဆောင်ပေးနေပါစေ သေချာတာကတော့ မြို့နေလူထုတွေက နအဖ အာဏာရှင်ကို နားလည်လာမှာ၊ ယုံကြည်လာမှာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ အရေးအခင်းမှာ နအဖ အာဏာရှင်တွေရဲ့ သရုပ်အမှန်ကို သိလိုက်ရလို့ပဲ။ နအဖ အာဏာရှင်ကို ပိုလို့တောင် မုန်းတီးရွံရှာနေဦးမယ်ဖြစ်ပါတယ်။ တိုင်းရင်းသားနယ်မြေက လူထုတွေကတော့ ဇာတ်ကားတောင်ကြည့်စရာမလိုတော့ဘူး။ လက်တွေ့မှာ အကောင်လိုက်မြင်နေရ၊ ခံနေရပြီသားပဲ ဖြစ်တယ်။

နအဖ ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ခိုင်းနေတဲ့ ဇာတ်ညွန်းထဲက အကြောင်းအရာတွေဟာ နအဖ အာဏာရှင်တွေက ပြည်သူတွေကို လှည့်စားနေတယ်ဆိုတာ ကိုရွှေမင်းသားမင်းသမီးတို့ ကောင်းကောင်း သိရောသိရဲ့လား၊ ဒါမှမဟုတ် သိလျက်နဲ့ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲမှုတွေကို လျစ်လျူရှုပြီး သရုပ်ဆောင်ပေးနေတာလားလို့ မေးချင်ပါတယ်။ နအဖ စစ်ဘီးလူးတွေဆီက မင်းသားမင်းသမီးချောလေးနဲ့ မော်ဒယ်လေးတို့ ဘာကိုမျှော်ကိုးနေတာလဲ ကျနော်အရမ်းသိချင်ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာသမားကနေ ပြည်သူမုန်းတဲ့ နအဖ ကို ကပ်စားတဲ့ အနုပညာသမား ဖြစ်နေပြီဆိုတာ ကိုရွှေမင်းသားမင်းသမီး၊ မော်ဒယ်လေးတို့ တကြိမ်တခါမှ မစဉ်းစားမိဘူးလား။ တကယ့်မြို့နေပြည်သူတွေ၊ တိုင်းရင်းသားတွေ ခံစားနေရတဲ့ ဖြစ်ရပ်မှန်တွေကို မသိဘဲ နအဖ စစ်အာဏာရှင်တွေရဲ့လိုရာကို ကြိုးဆွဲတဲ့အတိုင်းကနေရတဲ့ ရုပ်သေးရုပ်လို လိုက်သရုပ်ဆောင်ပေးမနေပါနဲ့လို့ ပြောချင်ပါတယ်။

ဆက်လက်ရေးသားဖော်ပြပါမည်
By YNO

Sunday, 23 March 2008

ရွှေတိဂုံတွင် လူတဦး မီးရှို့ဆန္ဒပြ

News from Mizzima
နယူးဒေလီ။ ။ စီးပွားရေး ကြပ်တည်း ဆိုးရွားနေမှုကို မခံမရပ်နိုင် ဖြစ်ပြီး ဆန္ဒပြသောအားဖြင့် အမျိုးသားတဦးက မိမိကိုယ်ကို မီးရှို့မှု ရွှေတိဂုံဘုရားတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မှ လာသော နိုင်ငံတကာ သတင်းအေဂျင်စီများ၏ သတင်းများအရ သိရသည်။

အမည်မသိသူ အသက် ၃ဝ ဝန်းကျင် အမျိုးသားတဦးက တပေါင်းလပြည့်နေ့ ဖြစ်သော သောကြာနေ့က မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ခြင်း မပြုမီ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ဘဝအခက်အခဲများကို မကျေမနပ်ဖြစ် ရေရွတ်မှုများ ပြုခဲ့သည်ဟု မျက်မြင်သက်သေများကို ကိုးကားပြီး ရိုက်တာ ကြေးနန်းသတင်းက ရေးသားထားသည်။

"ဖြစ်တာက ၈း၎ဝ လောက်မှာ ဓာတ်ဆီ ပုလင်းထုတ် သူ့ဘာသူ လောင်းပြီး ဖယောင်းတိုင်တတိုင်နဲ့ မီးရှို့တော့တာပဲ" ဟု မျက်မြင် သက်သေတဦး၏ ပြောသားချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မဇ္ဈိမက ရွှေတိဂုံဘုရားဂေါပက အဖွဲ့ကို ဆက်သွယ်မေးမြန်းရာ တယ်လီဖုံးကိုင်သူတဦးက အခင်းဖြစ်ပွားခဲ့ကြောင်း ပြောကြားသော်လည်း အခြား မည်သည့် အသေးစိတ်ကိုမှ ပြောရန် ငြင်းဆန်ခဲ့သည်။

အေပီသတင်းတွင်တော့ မီးရှို့ဆန္ဒပြသည့်သူက "စစ်အစိုးရ ကျဆုံးပါစေ" ဟု မီးမရှို့ခင် အော်ဟစ်ခဲ့ကြောင်း ရေးသားထားသည်။

Monday, 17 March 2008

"စစ်ကျွန်ဘ၀အောက်မှ ရုန်းထွက်ကြစို့"

တိုင်းရင်းသားညီအစ်ကိုများ ခင်ဗျား….
ငြိမ်းအဖွဲ့များအပါအ၀င် မွန်ပြည်နယ်ရှိ မွန်တိုင်းရင်းသားနှင့် အပစ်အခတ် မရပ်စဲထားသော ကရင်ပြည်နယ်ရှိ ကရင်တိုင်းရင်းသားနှင့် အခြားတိုင်းရင်း သားတွေကို ယာယီမှတ်ပုံတင် ထုတ်ပေးတယ်ဆိုတဲ့ သတင်းကို ဖတ်လိုက် ရပါတယ်။ ဒါဟာ ခိုင်းလို့ကောင်းအောင် တံပိုးမတပ်ခင် ကောက်ရိုး ကျွေးလိုက်တာပဲ ဖြစ်တယ်။ ဂျိုတော့ အထွက်မခံပါနဲ့ ညီအစ်ကိုတို့။ ကျွေးတိုင်းလဲ မစားနဲ့၊ ခေါ်တိုင်းလဲ မလိုက်နဲ့၊ ခိုင်းတိုင်းလဲ မလုပ်နဲ့၊ မဲထည့် ခိုင်းလဲ ကန့်ကွက်မဲထည့်လိုက်ပါ။ ဒါ ကျနော်တို့ မွေးရာပါ အခွင့်အရေး ပဲဖြစ်ပါတယ်။ ကိုယ်မကြိုက်မနှစ်သက်လို့ ကန့်ကွက်မဲထည့်ရုံနဲ့ ထောင် ၃ နှစ်ချမယ်ဆိုရင်တော့ ကမ္ဘာနိုင်ငံတွေမှာ ကန့်ကွက်မဲထည့်လို့ ထောင် ၃ နှစ်ချတာ မြန်မာတနိုင်ငံပဲရှိတယ်ဆိုတာကို ကမ္ဘာ့က ရှင်းရှင်းလင်းလင်း သိရတာပေါ့။ သတိထားကြပါ…. စိတ်ကောင်းဝင်ပြီး မှတ်ပုံတင် ထုတ်ပေး တယ်လို့ ညီအစ်ကိုတို့ မထင်လိုက်ပါနဲ့။ ပြည်သူ့ဆန္ဒခံယူပွဲမှာ မဲများရအောင် ထုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ တကယ်ပါပဲ၊ နအဖ စစ်အာဏာရှင်ဟာ တိုင်းပြည်ဆင်းရဲသထက် ဆင်းရဲ လာအောင် စီမံခန့်ခွဲမှု ညံ့ဖျင်းနေသော်လည်း တိုင်းရင်းသား ပြည်သူတွေအပေါ် ဘယ်လို ကောက်ကျစ် ယုတ်မာရမလဲ၊ ဒီမိုကရေစီအင်အားစုတွေကို ဘယ်လိုနှိပ်ကွပ်ရမလဲ ဆိုတာကိုတော့ ကမ္ဘာက လိုက်မမှီ လောက်အောင် နအဖအနေနဲ့ ဥာဏ်ရေထက်မြက်တိုးတက်ပါတယ်။ နအဖ စစ်အာဏာရှင်ရဲ့ ကောက်ကျစ်တဲ့ စိတ်ကို တိုင်းရင်းသား ညီအစ်တို့လဲ သိထားသလောက်တော့ သိထားနေပြီး ဆိုတာ ယုံကြည်ပါတယ်။ သိရုံလောက်နဲ့ မပြီးသေးပါဘူး။ အမှားလား အမှန်လား၊ တရားလား မတရားဘူးလားဆိုတာ ခွဲခြမ်းစိတ်ဖြာပြီး မှန်တဲ့ဘက်၊ တရားတဲ့ဘက်ကို ရပ်တည်ရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကိုများ ခင်ဗျား….
ကျနော့်အမြင်ကတော့ နအဖအနေနဲ့ သူတို့ရဲ့ အတုအယောင် လူထုဆန္ဒယူပွဲမှာ ထောက်ခံမဲရဖို့ အတွက် တိုင်းရင်းသားပြည်သူတွေကို ခဏတာ မှတ်ပုံတင် ထုတ်ပေးလိုက်တာပဲလို့ မြင်ပါတယ်။ အဲဒီ မှတ်ပုံတင်က ဆန္ဒခံယူပွဲအပြီး၊ ဒါမှမဟုတ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးထိပဲ ခံမယ် ဖြစ်ပါတယ်။ တကယ်လို့ လူထုဆန္ဒခံယူပွဲမှာ အနိုင်ရသွားမယ်၊ ပြီးတော့ သူတို့ကိုယ်သူတို့ တရားဝင်အစိုးရလုပ်ပြီးရင် ငြိမ်းအဖွဲ့တွေကို လက်နက်အပ်ခိုင်းမယ်။ မအပ်ဘူးဆိုရင် နအဖ ပြောလေ့ပြောထရှိတဲ့ လက်နက်ချမလား၊ တောပြန်ခိုမလားလို့ နှစ်လမ်း တလမ်းရွေးခိုင်းမယ်။ ငြိမ်းအဖွဲ့တွေကို ရှင်းထုတ်ပြီးရင် နောက်ဆုံး သူတို့ကို ပြန်လည်တော်လှန်မယ့်ငြိမ်းအဖွဲ့ရော၊ ငြိမ်းအဖွဲ့မဟုတ်တဲ့ လက်ရှိ နအဖကို တော်လှန်နေဆဲ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းကိုရော ထိုးစစ်ဆင်မယ်၊ အမြစ်ဖြတ် ချေမှုန်းမယ်၊ လူမျိုးတုံးအောင် လုပ်လိမ့်မယ်။ တိုင်းရင်းသားနယ်မြေအားလုံးကို နယ်မြေစိုးမိုးရေး လုပ်နိုင်ပြီးဆိုရင် ဒေသခံ ရွာသူရွားသားတွေကို ကျွန်လိုခိုင်းမယ်။ တိုင်းရင်းသားတွေကို လူမသိ သူမသိ သတ်မယ်၊ ဖြတ်မယ်။ ပြည်တွင်း အိုးမဲ့အိမ်မဲ့ ထွက်ပြေးတိမ်းရှောင်နေရမယ့်ပြည်သူတွေ ပိုများလာမယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသလို နအဖ စစ်ခွေးတွေ ထင်တိုင်းကျဲကြတော့မယ်၊ မိန်းမသားတွေကို အရင်ကထက် ပိုမိုပြီး မုဒိန်းကျင့်လိမ့်မယ်။ အဲဒီလိုအခြေအနေမျိုး ရောက်ရင် တခုစိုးရိမ်ရတာက ကိုယ့်မယားကို ကိုယ့်ရှေ့မှာတင် မုဒိန်းကျင့်ခံနေရတာတောင်မှ မပြန်ပြောရဲဘဲ ထိုင်ကြည့်နေရတဲ့ဘ၀ ဖြစ်လာမှာကို ဘယ်သူက ပြောနိုင်မှာလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေစိုးမိုးတဲ့ နိုင်ငံမဟုတ်ဘဲ စစ်အာဏာရူး ဘီလူးတွေ စိုးမိုးတဲ့နိုင်ငံဖြစ်လို့ပါပဲ။ ဒါကိုကြည့်ချင်းအားဖြင့် ညီအစ်ကိုတို့ စိတ်ေ၀၀ါးနေစရာမလိုဘူး။ မဲရုံသွား ပြတ်ပြတ်သားသား ကန့်ကွက်မဲ ထည့်ခြင်းသာလျှင် မြန်မာပြည်ရဲ့အနာဂတ်၊ မြန်မာပြည်သူ ပြည်သားတွေရဲ့ အနာဂတ်ဟာ လှပသွားမှာ ဖြစ်ပါတယ်။ နအဖ စစ်အာဏာရှင်ကို ထောက်ခံမဲပေးတာဟာ မြန်မာနိုင်ငံ တနိုင်ငံလုံးကို မီးတင်ရှို့ဖျက်စီးလိုက်တာနဲ့ အတူတူပါပဲ။ ဒါကို ညီကိုတို့ စိတ်ယောင်သွားရင်ဖြင့် စစ်ကျွန်ဘ၀သို့ ပျော်ပျော်ကြီး ဆက်လက်ခံနေရဦးမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကိုများ ခင်ဗျား….
လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ မြန်မာနိုင်ငံတနိုင်ငံလုံးကို ပြန်ပေးဆွဲခံနေရတာနဲ့ အတူတူပဲ။ ဓါးမိုး၊ သေနတ်မိုး တရားမဲ့၊ ဥပဒေမဲ့အုပ်ချုပ်မှုအောက်မှာ ကြိုတ်မှိတ်ခံ ပြားပြားဝပ်မနေပါနဲ့။ ညီအစ်ကိုတို့မှာ လက်နက်ရှိတယ်၊ နယ်မြေရှိတယ်၊ လူထုရှိတယ်၊ အင်အားရှိတယ်။ ကျနော်တို့ တိုင်းရင်းသားအချင်းချင်း ညီညွှတ်ကြဖို့ပဲလိုတယ်။ ကျနော်တို့တတွေ မညီမညွှတ်ကြလို့ ရန်သူဖြစ်တဲ့ နအဖစစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်ယုတ်မာတဲ့ နည်းဗျူဟာတွေအောက်မှာ တိုင်းရင်းသားညီကိုတွေအချင်းချင်း အထင်လွှဲမှားပြီး တယောက်နဲ့ တယောက် သတ်ဖြတ်နေကြတယ်။ ယခု တချို့နယ်မြေတွေမှာ နအဖ စစ်တပ်တောင် တိုက်ခိုက်စရာမလိုတော့ပါဘူး။ အဲဒီအတွက် နအဖစစ်အာဏာရှုးတွေကတော့ အကြိမ်ကြိမ်အခါခါ ကြိတ်ပြီး ၀မ်းသာနေရောပေါ့။ တကယ်ဝမ်းနည်းစရာကောင်းတာကတော့ နအဖ အာဏာရှုးတွေနဲ့ပေါင်း လောဘတွေ တက်၊ ကိုယ့်အကျိုးကိုပဲမျှော်ကိုးပြီး လက်နက်အားကိုးနဲ့ ကိုယ့်လူမျိုး အချင်းချင်း နှိပ်စက်သတ်ဖြတ်နေ တယ်ဆိုတာပါပဲ။ ဒီလုပ်ရပ်တွေကို ကောင်းလား မကောင်းလားဆိုတာ နဖူးပေါ်လက်တင်ပြီး ပြန်စဉ်းစားကြည့် ပါဦး။ လက်နက်ကိုင်တယ်ဆိုတာ ပြည်သူကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ၀မ်းစာဖူလုံရုံ လောက်နဲ့ တင်းတိမ်မနေပါနဲ့ အမှားအမှန်ကို ခွဲခြားပြီး မတရားမှုတွေကို ဆန့်ကျင်ကြပါ။ တရားမျှတ ငြိမ်းချမ်းစေဖို့ ဒီမိုကရေစီပန်းတိုင်းဆီ အတူချီတက်ကြပါ။ ကိုယ့်တယောက်ကြောင့် မိမိတို့ရဲ့ အမျိုးသားအခွင့်အရေးတွေကို မဆုံးရှုံးစေနဲ့၊ စစ်အာဏာရှင်အတွက် သဲတပွင့် မဖြစ်ပါစေနဲ့။ ဖက်ဆစ်မျိုးဆက်သစ်ဖြစ်တဲ့ နအဖ စစ်အာဏာရှုးတွေကို ဖြုတ်ချဖို့ ညီအစ်ကိုတို့ တညီတညွတ် ဆက်လက်တက်ပွဲဝင်ကြပါလို့ ပြောချင်ပါတယ်။

By YNO

Monday, 10 March 2008

ငမိုက်သား . . . . နားပေါက်မပါ စစ်ဗိုလ်ချုပ်များ

ကျနော့်မှာ လွန်ခဲ့တဲ့ခေတ်တွေလဲ မမှီခဲ့သလို ရှေ့ခေတ်ကိုလဲ ကျနော်ကြိုတင် ခန့်မှန်းလို့မတတ်ပါဘူး။ ဒါပေမယ့် ယခုခေတ်မှာတော့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းထဲမှာ တဦးထဲ တယောက်ထဲ၊ တဖွဲ့ထဲ ပဲ့ပြီးနေလို့မရပါဘူးဆိုတဲ့ လူအများက ယုံကြည်ထားသလို ကျနော်လဲ သူတို့ရဲ့ယုံကြည်မှုကို လက်ခံပါတယ်။ ကျနော် ချောင်လဲရောထိုင်နေတာ မဟုတ်ဘူးဆိုတာတော့ ကိုယ့်ကိုယ်ကို ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ တိရိစ္ဆာန်တောင်မှ အစုလိုက်အဖွဲ့လိုက် နေနေသေးတာပဲ။ ဒါပေမယ့် သူတို့က အသိညာဏ်နည်းလို့ တကောင်နဲ့တကောင် တိုက်ခိုက်နေကြတယ်ဦးထား….. ကျနော်တို့က သတ္တ၀ါတွေထဲမှာ ကောင်းမှု၊ မကောင်းမှု။ မှားလား၊ မှန်လား ဆိုတာ ခွဲခွဲခြားခြားသိနိုင်တဲ့ အသိညာဏ်အရှိဆုံးသတ္တ၀ါဖြစ်ပါတယ်။ ဟိုရမ်းဒီရမ်း မဲမဲမြင်ရင် တိုက်ခိုက်တတ်သော သံမဏိကျော့ကွင်းမိနေတဲ့ တိရိစ္ဆာန်အရိုင်းတကောင်လို ဆက်ရုန်းထွက်မယ် ဆိုရင်လဲ ကိုယ့်အသားက ပိုနာအုံးမယ်။ ရုန်းမထွက်တော့လဲ ကျော့ကွင်းရှင်က ဓါးနဲ့လာခုတ်လို့ သေရအုံးမယ်။ ယခု အရူးမီးဝိုင်းနေတဲ့ ခင်ဗျား…ငမိုက်သားတို့လဲ တိရိစ္ဆာန်အရိုင်းတကောင်လို ဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မှားနေတဲ့ အလုပ်ကို ဆက်လုပ်ရင်လဲ ထပ်မှားအုံးမယ်။ ဆက်မလုပ်ပြန်တော့လဲ လည်ပင်းကြိုးစွပ်ခံရလို့ သေရအုံးမယ်။ ကမ္ဘာပေါ်က ငမိုက်သားတွေတိုင်း ပြေးပေါက်မရှိတာ အဲဒါတွေပဲ။

ကဲ… အခု မြန်မာနိုင်ငံက အရှက်မရှိ အစိုးရတက်လုပ်နေတဲ့ လူမိုက်ဗိုလ်ချုပ်တွေကလဲ မှားနေတဲ့ လမ်းကြောင်းကိုပဲသွားမယ်။ အသေတော့မခံဘူး။ အဲ့ဒီလို လူမျိုးတွေရဲ့စိတ်ထဲမှာလည်း သေမှာကိုလည်း မကြောက်တော့ပါဘူး။ လူမိုက်ဗိုလ်ချုပ်တွေ ဆက်မိုက်လို့ရနိုင်သလောက်တော့ မိုက်နေအုံးမယ်၊ ဆက်မိုက်လို့ မရနိုင်တဲ့ တနေ့ကျရင်တော့ လူဆိုးလူမိုက်တို့ သွားရာလမ်းပဲသွားမယ်။ ဒါဟာ…လူဆိုးလူမိုက် ဗိုလ်ချုပ်တွေ ရွေးစရာနည်းလမ်း အဲ့ဒီ တလမ်းပဲရှိတော့တယ်။ ကျနော်အမြင်ကတော့ လူမိုက်ဗိုလ်ချုပ်ကြီးတွေ ဆူးခင်းထားတဲ့ လမ်းကို လျှောက်ပြီး သေတဲ့အထိ ဆက်မိုက်နေလိမ့်အုံးမယ် ဖြစ်ပါတယ်။ ကျနော်တို့ တကယ့်လက်တွေ့ဘ၀မှာပဲ ကြည့်ကြည့်ပါ… ကမ္ဘာမှာပဲဖြစ်ဖြစ်၊ မြန်မာမှာပဲဖြစ်ဖြစ် အမှားအမှန်ကိုသိပြီး အမြင်မှန်ရသွားတဲ့ ငမိုက်သားတွေ မရှိသလောက်ပါပဲ။ နောက်ဆုံး သူ့တို့ဘ၀ဇာတ်သိမ်း မကောင်းတာတွေပါပဲ။ တချို့လူကောင်းတွေမှာလဲ ဘ၀ဇာတ်သိမ်းမကောင်းတာလဲရှိပါတယ်။ ဒါပေမယ့် "သေချာပေါက် ပြောနိုင်တာကတော့ သေခြင်းတရား ကတော့ ဘယ်သူမှ မရှောင်နိုင်ပါဘူး… သေရမှာပဲ။ သေတာခြင်းတူနေပေမယ့် ဆူးခင်းတဲ့လမ်းကို လျှောက်ပြီး သေတဲ့လူနဲ့ ပန်းခင်းထားတဲ့လမ်းကို လျှောက်ပြီးသေတဲ့လူနဲ့တော့ ကွာခြားပါတယ်"

ဒါကြောင့် ကျနော်တို့မြန်မာပြည်သားတွေ "လူမိုက်ဆိုလျှင် ရှောင်ကြဉ်လွှဲလို့ မမီဝဲနဲ့ ကင်းအောင်နေ" ဆိုတဲ့ လူ့ကျင့်ဝတ်အတိုင်း လူမိုက်တွေနဲ့ ကင်းအောင်နေတာ၊ သည်းခံနေတာကြပါပြီ။ အခုတော့ မြန်မာပြည်ကို ဗိုလ်ကျချုပ်အုပ်၊ မင်းလုပ်နေတဲ့ လက်ရှိ လူဆိုးလူမိုက်တွေကို တိုက်ထုတ်ဖို့ ကျင့်ဝတ်အတိုင်း မြန်မာပြည်သူ တရပ်လုံး ကျင့်စရာမလိုတော့ဘဲ မြန်မာနိုင်ငံတခုလုံးကို ငလျင်ပေးလှုပ်လိုက်ရင် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလှိုင်းကြီးထက်ကြီးတဲ့ Freedom Fighter လှိုင်းလုံးကြီး ဖြစ်ပေါ်လာနိုင်လိမ့်မယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ။ အရေးကြီးတာကတော့ မြန်မာပြည်ကြီးရဲ့ တတောင့်တနေရာကနေပြီးတော့ ကိုယ်ရှိနေတဲ့ နေရာ ( ပြည်တွင်း၊ ပြည်ပ) ကနေ ငလျင်တုန်ခါအောင် တညီတညွတ်အတူလက်တွဲ လုပ်နိုင်ဖို့ပါပဲ။

By YNO

Thursday, 6 March 2008

စစ်အာဏာရှင်လက်အောက်က လူငယ်များဘဝ

ကဲ…သူငယ်ချင်းတို့ ဘာလုပ်ကြမလဲ၊ ဘာလုပ်သင့်သလဲ၊ ဘာလုပ်ဖို့လိုလဲဆိုတဲ့ မေးခွန်းကို မေးနေစရာမလိုတော့ဘူး။ ဘုန်းကြီးကိုတောင်မှ ကြိုးကွင်းနဲ့ပစ်ဖမ်း၊ ဓာတ်တိုင်နဲ့ချည်ပြီး တုတ်နဲ့ရိုက်၊ ဒါတွေမကဘူး ဘုန်းကြီးကိုတောင် သတ်ပြီး ငမိုးရိပ်ချောင်းထဲ မှောက်ခုံ မျောရတဲ့အထိ ကမ္ဘာသိ၊ လူတိုင်းသိ လုပ်နေသေးတယ်ဆိုရင်တော့ ကျနော်တို့ ရိုးရိုးအရပ်သားဆိုရင် ပြောမနေနဲ့တော့ အကုန်လုံး အသေရော၊ မသေမရှင်ရော ရေဝေးသုဿန်မှာ မီးသဂြိုလ်ပြီး မသာပေါ်ကုန်မှာ သေချာတယ်။ ဟုတ်ပြီ … ဒီအာဏာသူခိုးတွေက ကြာလေလေ ခေါင်းမာလေလေပဲဆိုတာကို မြန်မာသာမက ကမ္ဘာကိုပါ ပြသလိုက်ပါပြီ၊ ကျနော်တို့လူကြီးတွေကတော့ မာနေတဲ့ခေါင်းကို ပျော့သွားအောင် အနုနည်းတွေကော၊ အကြမ်းနည်းတွေကော အမျိုးမျိုးအဖုံဖုံ ယခုချိန်ထိ လုပ်သင့်လုပ်ထိုက်တာကို ဆက်လက်လုပ်နေတုန်းပဲ။ နိုင်ငံတကာတွေကလဲ ထောက်ခံတယ်၊ ကြိုဆိုတယ်၊ မျှော်လင့်တယ်၊ စွတ်ချတယ်ဆိုတဲ့ စကားလုံး ၄ လုံးနဲ့ တောလည်ကုန်ပြီ။ ၂၀၁၀ ခုနှစ်မှာ နိုင်ငံတကာရော၊ လူကြီးတွေရော၊ နောင်တော်တွေရော ဒီအာဏာရူးကြီးကို မဖြိုနိုင်ဘူးဆိုရင် ကျနော်တို့ ဆက်ပြီး ဖြိုရမယ်။ ဒီအတွက် ကျနော်တို့အားယူရမယ်။

လူငယ်တိုင်းကတော့ စိုးရိမ်ပူပင်စရာမလို လွတ်လွတ်လပ်လပ်နေချင်ကြတာကြီးပါပဲ။ ယခု ကျနော်တို့တတွေက ခေတ်ဆိုး၊ စနစ်ဆိုးတွေနဲ့အတူ မွေးဖွားလာခဲ့တာကိုး။ ဒီခေတ်၊ စနစ်တွေရဲ့အောက်မှာ ကျနော်တို့ မြန်မာနိုင်ငံမှ လူငယ်တွေဟာ နိုင်ငံတကာက လူငယ်တွေလို အကြောက်တရားမရှိ၊ စိုးရိမ်ပူပန်စရာမရှိ လွတ်လွတ်လပ်လပ် နေထိုင်သွားလာရမယ့်အစား ကျနော်တို့ လက်ရှိဘ၀တွေက ပညာဆည်းပူးရမယ့်အရွယ်မှာ တောထဲတောင်ထဲပြေးနေကြရတယ်။ တချို့ ထောင်ထဲရောက်နေကြရတယ်။ လွတ်လပ်စွာ ပျော်ရွှင်သွားလာရမယ့် အရွယ်မှာ စိုးရိမ်စိတ်တွေ၊ အကြောက်တရားတွေနဲ့ လွမ်းမိုးနေရတယ်။ ကွန်ပျူတာကိုင်နေရမယ့်အရွယ်မှာ သေနတ်ကိုင်နေရတယ်၊ ဓါးကိုင် တောင်ယာခုတ်နေရတယ်။ တက္ကသိုလ်တက် အဆင့်မြင့်တဲ့နည်းပညာတွေ လေ့လာဆည်းပူးနေရမယ့် အရွယ်မှာ ကျနော်တို့တွေ နိုင်ငံရေးလုပ်နေရတယ်။ ဘွဲ့တွေရလို့ ကိုယ်စီအလုပ်အကိုင်နဲ့ ဖြစ်နေရမယ့်အရွယ်မှာ လူငယ်တွေ အကျင့်ပျက်၊ သူခိုးကြပိုးတွေဖြစ်၊ မိန်းကလေးဆိုရင် ဖာဖြစ် ဘ၀တွေပျက်နေရတယ်။ ဒါခေတ်ဆိုး၊ စနစ်ဆိုးတွေရဲ့လက်အောက်မှာ လုပ်ကိုင်စားသောက် နေထိုင်ရတဲ့ ဘ၀တွေပေါ့။ ဒါကြောင့် ကျနော်တို့ လူငယ်တွေရဲ့ဘ၀ဟာ မျောက်လက်ထဲ ထိုးအပ်လိုက်သလို ရင်ထဲ တထိတ်ထိတ်ဖြစ်နေရတဲ့ အခြေအနေမျိုးတွေပါ။

ရှေ့ဆက် ကျနော်တို့ရဲ့အနာဂတ်မှာ သိပ်စဉ်းစားတွေးတောစရာမလိုတော့ဘူး။ အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံးသော ဘ၀ကိုသာ မျှော်လင့်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လက်ရှိစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ ယခင်ကထက်ပိုပြီး ညီညီညွတ်ညွတ် အလုပ်လုပ်ဖို့ပဲလိုတယ်။ အရေးကြီးဆုံးကတော့ စစ်အာဏာရှင်ကို ဖြုတ်ချရမယ်ဆိုတဲ့ စိတ်ဟာ ပြည်တွင်း၊ ပြည်ပမှ လူငယ်တဦးချင်းရဲ့ ရင်ထဲရှိဖို့လိုပါပဲ။ ရှိလဲ ရှိနေပြီးဖြစ်ပါတယ်။ ဘာလို့ပြောနိုင်လဲဆိုတော့ စက်တင်ဘာ အရင်းအခင်းမှာ ကျောင်းသားလူငယ်တွေရော၊ အရပ်သားလူငယ်တွေရော၊ ကိုရင်လေးတွေရော ရွှေဝါရောင်စစ်ကြောင်းကြီးတွေနဲ့အတူ တွေ့မြင်ခဲ့ရလို့ပဲ။ ဆက်လက်ချီတက်ကြပါ… ၈၈ ကျောင်းသားစစ်ကြောင်း(ပထမ စစ်ကြောင်းကြီး)၊ စက်တင်ဘာ ရွှေဝါရောင်စစ်ကြောင်း(ဒုတိယစစ်အကြောင်းကြီး) နောက် တတိယစစ်ကြောင်းကြီး ချီတက်လာမယ့်လမ်းကို ကြိုဆိုရင်းနဲ့ ကျနော်တို့တတွေ အသင့်ပြင်ဆင်ထားရမယ်။

ဒါကြောင့်မို့ ကျနော်တို့ စိတ်ဓာတ်ကျစရာမလိုဘူး။ တိုက်တိုင်းနိုင်တဲ့ တိုက်ပွဲဆိုတာ မရှိပါဘူး။ ရှုံးတဲ့အခါလဲ ရှုံးမယ်၊ နိုင်တဲ့အခါလဲ နိုင်မယ်။ နည်းဗျူဟာ မကျလို့လဲ ဖြစ်နိုင်တယ်။ အင်အားမမျှလို့လဲ ဖြစ်နိုင်တယ်။ ဘာဘဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်တခုကို စိတ်ပါရုံ၊ သတ္တိရှိရုံနဲ့ မရဘူး။ ဇွဲရှိဖို့နဲ့ ခံနိုင်ရည်ရှိဖို့ပဲလိုပါတယ်။ တကယ်လို့ ကျနော်တို့မှာ ခံနိုင်ရည်မရှိဘဲ အလဲထိုးခံနေရတယ်ဆိုရင်တော့ ကျနော်တို့ မြန်မာပြည်သူတရပ်လုံး စစ်ဖိနပ်အောက်မှာ မျက်လုံးလေး ပီကလပ် ပီကလပ်နဲ့ နှစ်ခါပြန် ပြားပြားဝပ်နေရအုံးမယ်။ ပြီးတော့ ကျနော်တို့ မျှော်လင့်နေတဲ့ ဒီမိုကရေစီပန်းတိုင်ဟာလည်း သုညကနေ ပြန်စစရာမရှိ ပျက်သုန်းသွားမယ်ဆိုတာ သေချာပါတယ်။

ဒါကြောင့် …..
- အနာဂတ်ဘ၀မှာ အရောင်တောက်ပြောင်နိုင်ဖို့ လေလွင့်နေတဲ့ လူငယ်များ လိမ်နေမယ့်အစား နိုင်ငံအတွက် ပြန်လာအလုပ်လုပ်ပါ။
- ကျနော်တို့ တိုင်းပြည် (မြန်မာနိုင်ငံ) ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုရရှိဖို့အတွက် ဒီမိုကရေစီတိုက်ပွဲမှာ တခရီးထဲအတူ ကျနော်တို့တတွေ လျှောက်လှမ်းနိုင်ကြပါစေ။

By YNO

Tuesday, 4 March 2008

ပြည်သူ့တပ်မတော်

တပ်မတော်သားများခင်ဗျား
ခုချိန်ထိ နားပေါက်မရှိပါ၍
တသက်တာ ခင်ဗျားတို့မှာ
အစ်မကြိုင်ရဲ့ ထမီသာ
လျှော်ပေး ပေတော့ ရဲဘော်တို့

မှူးကြီး ခြေတလုံးကိုဖက်
တနပ်စာ ထမင်းဝရုံနဲ့တော့
တမြေထဲနေ တရေထဲသောက်
အချင်းချင်းတွေ မသာပေါ်အောင် မလုပ်ကြပါနဲ့
ညီညွတ်ကြပါ တို့မြန်မာပြည်သူတွေ

By YNO

----------------------------------------------------------------------------------------
နွေသင်္ကြန်

သင်္ကြန်တဲ့
ရောက်ခဲ့ပြန်ပြီးပေါ့
နွေဦးရဲ့ အငွေ့အသက်
လေရူးတွေ တိုးဝှေ့
ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေ
သင်္ကြန်မိုးရေ တန်ခူးလေ
အေးမြတဲ့ သင်္ကြန်ရေ
မွှေးပျံ့တဲ့ ပန်းပိတောက်
လူသားအားလုံး ပျော်မြူးနေတဲ့
ပုံရိပ်တွေ
တနှစ်တခါ ပျော်နေကြတဲ့
လူတွေရဲ့ အလှအပတွေကို
ခံစားရင်း
မဟာသင်္ကြန်ကိုယ် နွှဲပျော်ကြစို့
ကိုယ့်လူရေ

သင်္ကြန်မေ