နောက်ဆုံးသတင်း - မြန်မာ
Sunday, 27 April 2008
သတင်းတို
ရွှေပြည်သာမြို့နယ်ရှိ ကျေးရွာများတွင်မဲလာမပေးကထောင်(၁၄)နှစ်၊ ကန့်ကွက်မဲပေးကထောင်(၃)နှစ်ချမည်ဟုကျေးရွာအာဏာပိုင်များကခြိမ်းချောက်ပြောဆိုကြောင်းသိရသည်။
မင်္ဂလာဒုံတွင်မဲရုံဆောက်ရန်လူထုထံမှငွေကောက်ခံသဖြင့်တိုင်ထားကြောင်းသိရသည်။
ရန်ကုန်သတင်း
From mizzima
လွှင့်တင်ချိန် - ဧပြီ ၂၇ ရက်၊ ၂၀၀၈ ခုနှစ် ၁၆း၁၀ - မြန်မာစံတော်ချိန်
ထရိတ်ဒါးဟိုတယ်အနီး ရဲ တဒါဇင်ကျော် ကင်းလှည့်နေသည်။
ကျောင်းသားခေါင်းဆောင်တဦး အဆိုအရ ယနေ့ နံနက်က သာကေတ တံတားအနီး သံဃာတော်အချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ကားနှင့် ခေါ်ဆောင်သွားသည်ဟု ပြောသည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
တချိန်တည်းမှာပင် ရန်ကုန်မြို့တွင်း အင်တာနက် သုံးရသည်မှာ အလွန်နှေးနေပြီး လိုင်းပြတ်တောက်မှု မကြာခဏ ဖြစ်ပွားနေကြောင်း သုံးစွဲသူများက ပြောသည်။ ရုံးပိတ်ရက်ဖြစ်၍ အင်တာနက်ကဖေးတွင် သုံးစွဲသူမှာလည်း သာမန်နေ့များထက် ပိုများနေသည်။
-------------------------
လွှင့်တင်ချိန် - ဧပြီ ၂၇ ရက်၊ ၂၀၀၈ ခုနှစ် ၁၅း၄၅ - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ရန်ကုန်မြို့တွင်း သံဃာတော်များ ဦးဆောင်သော စစ်အစိုးရ ဆန့်ကျင်ရေး လမ်းပေါ် ဆန္ဒပြမှုများ ပြန်လည်ဖြစ်ထွန်းအောင် လူစုဝေးမှုများ ယနေ့ ဆက်လက် လုပ်ဆောင်မည် ဆိုသောသတင်းများ ထွက်ပေါ်လာပြီးနောက် အာဏာပိုင်များဘက်မှ စိုးရိမ်မှုများ ရှိနေသည်။
လွန်ခဲ့သည့် မိနစ်အနည်းငယ်က ဝတ်စုံပြည့် လုံထိန်းရဲကား နှစ်စီး တောင်ဥက္ကလာပ မြို့နယ်မှသည် ရန်ကုန်မြို့ထဲဘက် မောင်းနှင်သွားကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။
သံဃာတော်များသည် ဗိုလ်တထောင်ဘုရားနှင့် မိုးကောင်းဘုရားများတွင် စုဝေးမည်ဆိုသော ကောလာဟလများ ထွက်ပေါ်နေသည်။
ရန်ကုန်မြို့ခံ အချို့ကို တယ်လီဖုံးနှင့် ဆက်သွယ်မေးမြန်းရာတွင် သိသာထင်ရှားသော လူအုပ်စုကြီးလိုက် စုဝေးမှုများ မတွေ့ရသော်လည်း ရန်ကုန်မြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ သိသိသာသာ များပြားလာပြီး စစ်ဆေးရေးများ ရှိနေသည်ဟု ပြောသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တဦး အပြောအရ လုံခြုံရေး တိုးမြှင့်ချထားခြင်းမှာ ဧပြီ ၂၁ ရက်နေ့က ရန်ကုန်မြို့လည်တွင် ဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားပြီး နောက်ပိုင်းကတည်းက အာဏာပိုင်များက ရဲနှင့် စွမ်းအားရှင်များကို လုံခြုံရေးအတွက် တိုးမြှင့် စောင့်ကြည့်ခိုင်းထားခဲ့သည်ဟု ဆိုသည်။
------------------------
ဘုန်းကြီးကျောင်းများအား စီစစ်မှုများ ပြုလုပ်နေ
လွှင့်တင်ချိန် - ဧပြီ ၂၇ ရက်၊ ၂၀၀၈ ခုနှစ် ၁၅း၃၀ - မြန်မာစံတော်ချိန်ရန်ကုန်။ ။ ဘုန်းတော်ကြီး ကျောင်းများတွင် သတင်းသုံးနေသည့် သံယာများအား ညဘက် အချိန် အပြင်ထွက်ခြင်းများ၊ ခရီးသွားလာမှုများ၊ ဘုန်းတော်ကြီးကျောင်းများသို့ ဧည့်သည် လာရောက် တည်းခိုမှုများအား ကြပ်မတ် စီစစ်နေသည်၊ ။
ရွှေတိဂုံဘုရား ကုန်းတော်ပေါ်သို့ တက်ရောက်ရန် သံဃာတော်အချို့မှ ယမန်နေ့က ကြိုးစားခဲ့သည်ဟူသော သတင်း မထွက်ပေါ်ခင် ကတည်းက အာဏာပိုင်များက ဘုန်းကြီးကျောင်းများကို စောင့်ကြည့်သွားရန် ညွန်ကြားမှုများ ပြုလုပ်ခဲ့သည်၊
ရွှေတိဂုံ အရှေ့ဘက်မုဒ် ဗဟန်း ဈေးအနီးတွင် လုံခြုံရေး တိုးမြင့်ချထားခြင်း၊ အနီးဝန်းကျင်တွင် ( သွေးဆေးကန်အနီး ) တပ်ချ ထားခြင်းဖြင့် အစိုးရဘက်မှ ပြင်ဆင်မှုများ ရှိနေခဲ့သည်။
View: (371)
Saturday, 26 April 2008
တိုကျို မြန်မာသံရုံး၌ ဆန္ဒမဲ ပေးသူများနှင့် ဂျပန်ရဲတို့ ရုန်းရင်းဆန်ခတ်ဖြစ်

ယနေ့နံနက် (၈) နာရီခန့်ကတည်းက ဆန္ဒမဲပေးမည့် မြန်မာနိုင်ငံသားများသည် သံရုံးရှေ့၌ ပတ်စ်ပို့များ ကိုင်ဆောင်၍ သံရုံးတွင်း ၀င်ရောက်မဲပေးခွင့်ရရန် တန်းစီစောင့်နေစဉ် လူစုခွဲ ဖယ်ရှားခံရခြင်းဖြစ်သည်ဟု သံရုံးရှေ့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသားတဦးက ပြောသည်။
၎င်းက “ မြန်မာနိုင်ငံသားစစ်စစ်တွေဖြစ်ကြောင်း ပတ်စ်ပို့တွေကိုင်ပြီး မဲပေးဖို့ သံရုံးထဲ ၀င်ဖို့
အတွက် ကြိုးစားနေကြပါတယ်။ အဲဒီအချိန်မှာ ဂျပန်အာဏာပိုင်တွေရဲ့ အမိန့်နဲ့ ဂျပန်ရဲတပ်ဖွဲ့
ဝင်တွေက တားဆီးထားပါတယ်ခင်ဗျ။ သံရုံးရှေ့မှာ တန်းစီပြီး စောင့်နေတဲ့အချိန်မှာ ဂျပန်ရဲ
တပ်ဖွဲ့ဝင် (၁၅၀) ခန့်ကနေပြီး အင်အားသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။ (၂ ) ယောက် ဆေးရုံတင်ရပြီး
(၂) ယောက် ခေတ္တ အဖမ်းခံရပါတယ်။ ကိုမြင့်သိန်းဆိုတဲ့ အစ်ကိုကြီးတယောက်ရယ်။ သူက နည်းနည်းရောဂါအခံ ရှိတယ်ခင်ဗျ။ နောက် အမျိုးသမီးတယောက်ကတော့ တံခါးနဲ့ ညှပ်မိတာ ခင်ဗျ” ဟု ပြောသည်။ ... အပြည့်အစုံသို့>>>
Thursday, 24 April 2008
Saturday, 19 April 2008
Friday, 18 April 2008
Sunday, 6 April 2008
ပြည်သူ့တပ်မတော်သားလား …. ပြည်ဖျက်တပ်မတော်သားလားတော့မသိဘူး?
အမိုး (အမေ)ရွာတော့ ပျက်သွားပြီ
ကျနော်က ကရင်ပြည်နယ် ဖါပွန်မြို့နယ်၊ တောရွာလေးတရွာမှာနေတဲ့ တောသားလေးတယောက်ပါ။ ကျနော့်ရဲ့ ဗမာစာ အရေးအသားကို ကြည့်ရင် မပီကလာပီကလာ တောသားတယောက်ပဲဆိုတာ သိနိုင်ပါတယ်။ နေတဲ့ရွာက နအဖ စစ်တပ်စခန်း လာထိုင်ထားတာမို့ ကျနော့်နာမည်၊ ရွာနာမည်ကိုတော့ မပြောတော့ပါဘူး။ ရွာက ကျနော့်မိသားစုတွေအတွက် စိုးရိမ်ရလို့ပါ။ ကျနော်တို့ တိုင်းရင်းသား နယ်မြေတွေမှာ နအဖစစ်တပ်တွေကို ကြောက်ကြောက်နဲ့ ဘ၀လုံခြုံရေးမရှိပဲ လုပ်ကိုင်စားသောက်နေရတဲ့ဘ၀ကို ပြောပြချင်ပါတယ်။ ဒီအကြောင်း ကိုတော့ တိုင်းးရင်းသားနယ်မြေတိုင်းမှာ တိုင်းရင်းသား တိုင်းက သိတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။
တိုင်းရင်းသားနယ်မြေအသီးသီးမှာ တပ်စခန်းတွေရှိတယ်။ သူတို့တပ်စခန်းက တောထဲမှာ မဟုတ်ဘူး။ ပြည်သူကို ကျည်ကာအင်္ကျီလုပ်ပြီး ရွယ်လယ်ခေါင်မှာ/ရွာထိပ်မှာ/ရွာဘေးမှာ တည်ဆောက်ထားတယ်။ လုပ်အားပေးဆိုရင် အဲဒီ သက်ဆိုင်ရာဘေးနားက ရွာသူရွာသားတွေ စခန်းအတွက် ခြံကါပေးရတယ်/ကတုတ်ကျင်းတူးပေးရတယ်၊ မြောင်းတူရ တယ်။ စစ်တပ်အတွက် ရိက္ခပို့ပေးရင်လဲ ရွာသူရွာသားတွေ သွားထမ်းပေးရတယ်။ ကိုယ်က သွားလုပ်ပေးလို့ လုပ်အားခ ရမယ်မထင်နဲ့ လုပ်အားခမရသည့်အပြင် ကိုယ့်ထမင်းထုပ် ကိုယ်ထုပ်ပြီး သွားလုပ်ပေးရတယ်။ ဒါတွေမကဘူး တခုခုလုပ်တာ မှားသွားရင် အဆဲခံရ၊ အဟောက်ခံရ၊ အထိုးခံရသေးတယ်။ ၁၉၉၇ ခုနှစ်တုန်းက တခါကြုံဖူးတယ်၊ မယ့်ပလီစခန်းကနေပြီး ကျနော်တို့ရွာကို လူ(အထမ်းသမား) (၅၀)ယောက်ခေါ်တယ်။ ခေါ်တော့ ရွာသူကြီးက မပေးဘူး၊ ဘာလို့မပေးလဲဆိုပြီး ည ၉ နာရီကျော်မှာ ရွာထဲကို လက်နက်ကြီး ၃ လုံးလောက်ပစ်ချတယ်။ ၂ လုံးက မကွဲဘူး၊ တလုံးကတော့ ရွာလယ်ခေါင်မှာ ကျကွဲသွားတယ်။ ကံကောင်းတာက အိမ်တလုံးမှ မထိဘူး။ ထိမယ်ဆိုရင်တော့ အိမ်ထဲ ရှိတဲ့လူတွေ သေကုန်မှာ သေချာတယ်။ အခုဆိုရင် အရင်ကထက် ပိုဆိုးသွားပါပြီး။
ကိုရွှေတပ်မတော်ရဲ့လုပ်ရပ်တွေ ဒီလောက်နဲ့ ကုန်ပြီးလို့ မထင်ပါနဲ့… ကျနော်တောသား ပြောပြရဦးမယ်။ သူတို့ တပ်စခန်းကနေ သက်ဆိုင်ရာ နယ်မြေထဲမှာ တိုက်ကင်းထွက်တာပေါ့။ သူပုန် (သူတို့အခေါ်) လိုက်ရှာကြတာပေါ့။ တနည်းအားဖြင့် စစ်ထွက်တိုက်တာပေါ့။ ဟိုကလည်း ပျောက်ကျားနည်းဆိုတော့ သိတယ်ဟုတ်။ ဂျီး…ဂျီး….ဆိုရင် ခြေထောက်ပြတ်တဲ့သူကပြတ်၊ သေတဲ့လူကသေပဲလေ။ စစ်သားပဲ စစ်တိုက်ရင်သေမှာပေါ့လို့ …. သေရင်ပြီးရော မဟုတ်ဘူး၊ အနီးအနားရွာတွေကို ဆူပူကျိန်းမောင်းတော့ တာပါပဲ။ အဲဒီ မိုင်းပေါက်၊ အပစ်ခံရတဲ့ နေရာအနီးရှိ ရွာမှ ရွာသူရွာသားတွေ မသက်သာဘူးမှတ်ပဲ။ မင်းတို့ သူပုန်တွေလာတာ ဘာလို့မပြောလဲဆိုပြီး ရွာသူကြီးအပါအ၀င် ရွာသားများပါ ထုနှက်ထောင်း တော့တာပါပဲ။ ဒါတွေမကဘူး သေသွားတဲ့ သူတို့တပ်သားရော၊ ဆုံးရှုံးသွားတဲ့ သေနတ်တွေရော ရွာသားတွေဆီကနေ သေနတ် ၅ လက်ဆိုရင် ၅ လက် တန်ဖိုးအတိုင်း၊ သေသွားတဲ့ သူ့တပ်သားအတွက်လဲ သူတို့တောင်းရင် တောင်းသလောက် ပြန်အရော်ပေးရတယ်။ လယ်ယာတဲမှာပဲ ဖြစ်ဖြစ်၊ ရွားထဲကပဲဖြစ်ဖြစ် သူတို့ကိုတွေ့ရင် ကြောက်ပြီး တဲပေါ် ဒါမှမဟုတ် အိမ်ပေါ်မှာ ဆင်းပြီး ထွက်ပြေးဖို့ မကြိုးစားနဲ့ ပြေးရင် ကျဉ်ဆံ မိုးရွာပြီး လူမိလား၊ လူမမိဘူးဆိုရင် အဲဒီပြေးဆင်းလာတဲ့ အိမ်ကို မီးရှို့ပဲ။ မီးရှို့တယ်ဆိုတာ ကြည့်ပြီးရှို့တာမဟုတ်ဘူး။ တခါတရံ အိမ်ထဲက မပြေးနိုင်တဲ့ အဘိုးအဖွားတွေပါ အရှင်လတ်လတ် မီးသဂြိုလ်ပြီးသားဖြစ်သွားတယ်။
စစ်ကြောင်းထွက်တဲ့အခါကျရင် ထမင်း မ၀တ၀ကျွေးပြီး လူတယောက်ကို အချိန်တထောင် တထောင့်ငါးရာလောက် သူတို့ ရိက္ခာအတွက် ထမ်းပိုးနေရတဲ့သူကတော့ ရွာသူရွာသားတွေပဲဖြစ်ပါတယ့်။ သူတို့ သတ်မှတ်ထားတဲ့ အဖြူရောင်၊ အမဲရောင်နယ်မြေဆိုတာရှိတယ်။ ပိုဆိုးတာက အမဲရောင်နယ်မြေ (ခေါ်) သူပုန်နယ်မြေဆိုရင် သူတို့သွားမဲ့လမ်းကို အဲဒီနယ်မြေခံတွေက သူတို့အရှေ့ကိုသွားပြီး မိုင်းနင်းခိုင်းတယ်။ သူတို့စစ်သားတောင်မှ ခြေထောက်ပြတ်မှာ ကြောက်နေသေးတယ်ဆိုတော့ အရပ်သားလဲ သွေးသားနဲ့ တည်ဆောက်ထား တဲ့လူပဲ။ ခြေထောက်ပြတ်မှာ သေမှာကြောက်တာပေါ့။ မသွားရဲဘူးလို့ပြောလဲ ရမယ်မထင်ပါနဲ့ သွားရတာပဲ။ သူတို့စစ်ကြောင်းထွက်ရင်းနဲ့ နားတဲ့အချိန်၊ ထမင်းချက်တဲ့ အချိန်ဆိုရင် များသောအားဖြင့် တပ်စုတစု၊ ဒါမဟုတ် တပ်စိတ်တစိတ် တိုက်ကင်းထွက်တာများတယ်။ တိုက်ကင်းထွက်တဲ့အချိန်မှာ မိန်းကလေးတွေ ပျိုပျိုအိုအို တောထဲယာထဲ လယ်ထဲ မတွေ့လိုက်နဲ့။ တွေ့ရင် မုဒိန်းကျင့်ခံရတာက များတယ်။ တခါတလေ တယောက်ထဲ မုဒိန်းကျင့်တာမဟုတ်ဘူးနော်။ သူတို့ပါလာတဲ့ တပ်စုလိုက်၊ တပ်စိတ်လိုက် ၀ိုင်းကျင့်ကြတယ်။ နှမချင်း မညှာတာတဲ့ လူစိတ်မရှိတဲ့ သူတွေဖြစ်ပါတယ်။
တာဝန်ကျရာ နယ်မြေတွေမှာ သေနတ်သံမကြားရဘူးဆိုရင် တောင်ယာတဲထဲက လူလား၊ သုပုန်လားဆိုတာ မခွဲခြားတော့ဘူး ပစ်တာပဲ။ မဲမဲမြင်ရင် ပစ်တဲ့ တပ်မတော်မျိုးပဲ။ ရမ်းပစ်တဲ့အခါကြတော့ ရွာသားတွေကို ထိတာပေါ့။ ရွာသားတွေ သေတော့ ရွာသားသေတယ်လို့ မပြောဘူး သိလား။ သူတို့ဗျူဟာမှူးကို တင်ပြတာက ကျနော်တို့ ကေအန်ယူ တယောက် နှစ်ယောက် အသေရထားတယ်။ သေနတ်ကတော့ သူတို့လူတွေ လုယူသွားတယ်။ ဘာမသိညာမသိ ဗျူဟာမှူးကတော့ ကဲ… သူပုန်တွေကို သတ်ဖြတ်နိုင်တဲ့ လူဆိုပြီး သူရဲကောင်းတဆိပ်ပါ ချီးမြှင့်ခဲ့သေးတယ်။ ရုပ်ရှင်ပေါ်လစီကားထဲမှာတော့ ပြည်သူ တွေကို ကာကွယ်ပါတယ်ဆိုတဲ့ နအဖ စစ်ဘီးလူးတွေ ပါးစပ်က ဘုရားဘုရား လက်က ကားရမ်းကားရမ်း လုပ်နေပါတယ် ဆိုတာ ကျနော်တောသားက အကယ့်ဇာတ်လမ်းကို ပြောပြနေတာဖြစ်ပါတယ်။
နောက်ဆုံးတခုအနေဖြင့် နအဖ စစ်တပ်က တိုင်းရင်းသားပြည်သူတွေကို တရားဥပဒေမဲ့ လူသတ်တဲ့အကြောင်းကို ပြောချင်ပါတယ်။ နအဖ စစ်တပ်က တောတောင်ထဲအလုပ်သွားလုပ်နေတဲ့ ရွာသားတွေကို ဖမ်းတယ်၊ မေးမြန်းတယ်။ မေးတာတောင် ရိုးရိုးမမေးဘူးနော်။ ခင်ဗျားက ရွာသားလား၊ သူပုန်လားလို့ မမေးခင်မှာ ပါးသုံးချက်၊ မေးပြီးရင် ပါးသုံးချက်ပဲ။ နောက်တော့မှာ မသေမချင်း ညှင်းပမ်းနှိပ်စက်ပြီးမှ သတ်တာ။ ကျနော့်ရွာက ရွာသားတယောက်ဆိုရင် အလုပ်ကနေပြန်လာတဲ့အချိန်မှာ နေ၀င်ခါစပဲရှိသေးတယ်။ အဲဒီအချိန်မှာ တိုက်ကင်းထွက်တဲ့အဖွဲ့က သေနတ်နဲ့ လှမ်းပစ်လိုက်တယ်။ ပစ်တော့ အဲဒီရွာသားက ပြေးတာပေါ့။ အဲဒီအချိန်မှာ သူပြေးလို့ လွတ်သွားပြီး။ ကံဆိုးချင်တော့ သူက တခြားရွာဖြစ်ဖြစ်၊ အဝေးကိုပဲဖြစ်ဖြစ် မပြေးဘူး။ သူက ရွာထဲကို ပြန်ဝင်တော့ ပြေးလို့မောတယ်ဆိုပြီး သူများ အိမ်ခြေရင်း ဖိနပ်ချွတ်ခန်းမှာ ထိုင်းနားတယ်။ သူ့နေအိမ်တောင် မရောက်သေးဘူး။ အဲဒီအချိန်မှာပဲ တိုက်ကင်းအဖွဲ့ကလဲ ရွာထဲကို ပြန်ဝင်လာတော့ သူနဲ့ တိုးပြန်တော့ အရှင်မိသွားတယ်။
မှန်မှန်ဆိုရင် ခင်ဗျားက ဒီရွာကလား၊ ဘယ်ရွာကလဲ၊ မေးရမယ်လေ။ သူတို့က ပြေးရင် သူပုန်ပဲဖြစ်ပြီး မမေးဘဲနဲ့ သေနတ် ရှိလား၊ သူပုန်နဲ့ဘယ်လိုအဆက်အသွယ်ရှိလဲ၊ သူုပုန်နေရာကို လိုက်ပြဆိုတဲ့ဟာကို ပေးတော့ သူက ရွာသားလေ ဘယ်သိ မလဲ။ မသိတာကို မသိဘူးပြောတော့ သူတို့ကဒေါသထွက်ပြီး လူကို ဇောက့်ထိုးချထားပြီး ခြေထောက်နဲ့ကန်၊ ထိုး၊ ရိုက်၊ ကျွဲလူးတဲ့ ဗွက်အိုင်ထဲကို ရေပေးငုတ်နေတော့ဒါပဲ။ ညဖက်ဆိုရင် အသားကို ဓါးနဲ့လှီး ဆားထည့် လူတကိုယ်လုံးကို ကြိုးချည်ထားပြီး သစ်ပင်ပေါ်ဆွဲတင် ကြက်ကင်၊ ငါးကင်စားသလိုမျိုး မသေမရှင် မီးကင်လိုက်တယ်။ နေ့ရော ညရော အဲလိုမျိုး နှိပ်စက်ညှင်းပါတယ်။ နောက်ဆုံးမေးလို့မရတော့တဲ့အခါကျတော့ ၅ ရက်မြောက်တဲ့နေ့မှာ အဲဒီ ကျနော်တို့ရွာ တပ်စခန်းထဲမှာ ဒူးထောက် လက်မြှောက်ခိုင်းပြီး အနောက်ကနေပြီးတော့ ဗစ်စတိုနဲ့ ပစ်သတ်လိုက်တယ်။ အဲဒါက ညီအစ်တို့ကို တချို့ တပ်မတော်သားများရဲ့ ဖက်ဆစ်ဂျပန်နည်းအတူ ရက်စက်နေတာကို ကျနော့်မျက်စိထဲ ရင်ထဲ အမြဲရှိနေတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတခုဖြစ်ပါတယ်။ ဒီတိုင်းရင်းသားညီအစ်ကိုတွေရဲ့ ဆိုးဝါးတဲ့ ဘ၀အခြေအနေတွေကို မြို့ကြီးရွာကြီးက ညီအစ်ကိုတွေအားလုံးကို သိစေချင်ပါတယ်။ ဒါကြောင့် မြို့ပေါ်က ညီအစ်ကိုတို့ကို တောတောင်ထဲက ညီအစ်ကိုတွေရဲ့ ဘ၀၊ တပါးနိုင်ငံမှာ ဒုက္ခသည် ဘ၀နဲ့ နေနေရတဲ့ဘ၀၊ တပါးနိုင်ငံမှာ ဖါဖြစ်၊ ကျွန်ဖြစ်နေရတဲ့ဘ၀ အဲဒီလိုဘ၀ဘ၀ဆိုးမှ လွတ်မြောက်ဖို့အတွက် မဲပေးနိုင်သူ ညီအစ်ကို အားလုံး လက်ရှိ နအဖ စစ်အာဏာရှင်ရဲ့ ဆန္ဒခံယူပွဲကို သွားပြီး ကန့်ကွက်မဲပေးကြပါလို့ တောင်းဆို ချင်ပါတယ်။
YNO
Saturday, 5 April 2008
"စစ်ကျွန်မခံ ဒို့တွန်းလှန်"ဗကသ ကြေညာချက်ထုတ်ပြန်
စစ်အစိုးရက ကျင်းပမဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သွားဖို့ ပြည်တွင်းအခြေစိုက် ဗကသများအဖွဲ့ချုပ် ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဒီကနေ့ ဧပြီ ၄ ရက် သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး မြန်မာပြည်သူတွေကို တိုက်တွန်း...အပြည့်အစိုသို့>>>
Wednesday, 2 April 2008
ကန့်ကွက်မဲပေးရေးလှုံ့ဆော်စာများ ရန်ကုန်မြို့တွင်းဖြန့်ဝေ
ရန်ကုန်မြို့တွင်းနေရာအချို့၌ မေလကျင်းပမည့် ဆန္ဒခံယူပွဲတွင် နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံ မူကြမ်းကို ကန့်ကွက်ကြရန် “ကန့်ကွက်မဲပေး…..ဒို့သွေးကြွေး” ဟု ရေးသားထားသည့် လှုံ့ဆော်သည့်စာများ...အပြည့်အစုံသို့>>>
တကိုယ်တော် ဆန္ဒပြသူ ထောင်ဒဏ်တသက် ချမှတ်ခံရ
တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းကို နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမှုဖြင့် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးက ယနေ့တွင် ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ် ချမှတ်...အပြည့်အစုံသို့>>>