နောက်ဆုံးသတင်း - မြန်မာ

Friday, 30 October 2009

Sunday, 25 October 2009

ရွှေနှင့် သစ်လုပ်ငန်းအတွက် ဒီကေဘီအေ အင်အား (၇၀၀)ခန့် ဖာပွန်နှင့် သထုံခရိုင်နယ်စပ်သို့ ရောက်ရှိနေ


အောက်တိုဘာလ ၂၄ရက်။ နန်းထူးစံ (ကေအိုင်စီ)

ရွှေနှင့် သစ်များ ထုတ်လုပ်ရန်အတွက် ဒီကေဘီအေ တပ်မဟာ (၃၃၃)နှင့် (၉၉၉)မှ အင်အား ၇၀၀ခန့်မှာ ယခုရက်ပိုင်းအတွင်း ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြားဒေသသို့ ရောက်ရှိလှုပ်ရှားနေကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ သိရသည်။

အဆိုပါ ဒီကေဘီအေတပ်ဖွဲ့များမှာ (၃၃၃)တပ်မဟာမှ အင်အား ၄၀၀ကျော်ရှိ တပ်ရင်းနှစ်ရင်းနှင့် (၉၉၉)တပ်မဟာမှ အင်အား ၂၀၀ကျော်ခန့်ရှိ တပ်ရင်းတရင်းတို့က သထုံခရိုင်၊ ဘီးလင်းမြို့နယ်နှင့် ဖာပွန်ခရိုင် ဒွဲလိုးမြို့နယ်တွင် ရွှေတူးဖော်ရန်နှင့် သစ် ထုတ်လုပ်ရန်အတွက် ရည်ရွယ်ကာ ယခု ရက်သတ္တပတ်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်း အကောင်အထည်ဖော် ရေးအတွက် (၉၉၉) ဗျူဟာမှူး ဗိုလ်မှူးကြီးချစ်သူကိုယ်တိုင် ညွန်ကြားလျှက်ရှိသည်ဟု ကေအဲန်ယူ တပ်မဟာ (၅) စစ်ဘက် ဆိုင်ရာ တာဝန်ရှိသူတဦးက ကေအိုင်စီကို ယခုလို ပြောပြသွားသည်။

“အဲဒီဒေသမှာရှိတဲ့ ကျနော်တို့ လူတွေရဲ့သတင်းပေးချက်အရ စစ်ကြောင်းတွေနဲ့ ဗိုလ်ချစ်သူပါလာပြီးတော့ နတ်ကြီးမှာ ရှိနေ တယ်ဆိုတာ သေချာသလောက်ပဲ။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ဒွဲလိုးမြို့နယ်မှာရှိတဲ့ မယ်တိုးဒေသမှာ သစ်လုပ်မယ်။ မယ် ဝိုင်ဒေသမှာ ရွှေတူးမယ်။ စီးပွားရေး လုပ်မယ်ပေါ့၊ အဲဒီဒေသတဝိုက် လုံခြုံရေးအတွက် သူတို့တပ်တွေ ချထားမယ်။ တဆက် တည်းမှာ ကားလမ်းတွေ ပြင်ဖို့်၊ ဖောက်ဖို့အတွက် အခုလှုပ်ရှားတာ ဖြစ်တယ်”ဟု ကေအဲန်ယူ တပ်မဟာ (၅) တပ်ရေးဗိုလ် ဗိုလ်မှူးစောကလယ်ဒို့က ဆိုသည်။

ယခုအချိန်တွင် ဒီကေဘီအေ တပ်မဟာ(၃၃၃)မှ အင်အား ၂၀၀ခန့်ရှိသော ဒုဗိုလ်မှူးကြီး ဖားဘိခို့ ဦးစီးသည့် တပ်ရင်း(၂)နှင့် အင်အား ၂၅၆ဦးရှိ ဒုဗိုလ်မှူးကြီး ဟန္နရီ၏ တပ်ရင်း(၃)အဖွဲ့တို့က ဘီးလင်းနှင့် ဒွဲလိုးမြို့နယ်စပ်ကြားဒေသများဖြစ်သည့် မယ် ပလေးခီး၊ ဝေါမူ၊ ခူးသူးထာ့စသည့်ဒေသများတွင် ရောက်ရှိနေပြီး ဗိုလ်မှူးကြီးချစ်သူ ဦးစီး၍ အင်အား ၂၇၀ခန့်ရှိသော (၉၉၉) တပ်ရင်းတရင်းကလည်း ထိုဒေသတွင် ၀င်ရောက်လှုပ်ရှားနေကြောင်း ကေအဲန်ယူ တပ်မဟာ(၅)မှ ဆေးတပ်ဗိုလ်ကြီးတဦးက ပြောသည်။

သူက “ဗိုလ်ချစ်သူနဲ့အတူ (၉၉၉)က တပ်ရင်းတရင်း ပါသွားတယ်။ ဘယ်တပ်ရင်းလဲတော့ ကျနော် တိတိကျကျ မသိဘူး။ သေ ချာတာကတော့ အခု ရွှေတူးဖော်ဖို့နဲ့ သစ်လုပ်ငန်းတွေလုပ်ဖို့ ဘီးလင်းနဲ့ ဒွဲလိုးနယ်ကြားဒေသတွေမှာ ရောက်နေတယ်။ အဲဒီ နတ်ကြီးတို့၊ ဝေါ်မူး၊ မယ်ချုံ၊ ကွီးတမား စတဲ့ဒေသတွေက ဘီးလင်းနဲ့ ဒွဲလိုးကြားဒေသတွေ ဖြစ်တယ်။ ဘီးလင်းမြို့ရဲ့ မြောက် ဘက်အရပ်မှာ ရှိတယ်”ဟု ဆိုသည်။

ဖာပွန်ခရိုင်ရှိ မယ်တိုး၊ မယ်ဝိုင်ဒေသအတွင်း ရွှေနှင့် သစ်များ ထုတ်လုပ်ရန်အတွက် အဆိုပါ ဒီကေဘီအေတပ်ဖွဲ့များက ရွှေ တူးဖော်ရေး စက်ပစ္စည်းများကို ကား ၉စီးနှင့် သယ်ဆောင်လာခဲ့ပြီး ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာသို့ ယခုလ (၁၉)ရက် နေ့က ရောက်ရှိလာခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင်မှ သတင်းပေးပို့ထားသည်။

ယခုလ ၁၇ရက်နေ့က ဒီကေဘီအေ (၉၉၉)နှင့် (၉၀၇)တပ်ဖွဲ့ဝင်များသည် ကားအစီး(၃၀)ခန့်နှင့်အတူ မြဝတီမြို့မှနေ၍ သထုံ၊ ဘီးလင်းမြို့နယ်ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း ကိုယ်တိုင်ပို့ဆောင်ပေးခဲ့သူ ကားသမားတဦးက ယခုလို ပြောသည်။ “ဒီကေ ဘီအေတွေက ကျနော့်စိတ်ထင် အင်အား ၇၀၀လောက် ရှိတယ်။ ကျနော်တို့ သထုံ၊ ဘီးလင်းအထိ သူတို့ကို လိုက်ပို့လိုက်ရ တယ်”ဟု သူက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီမှ ဒီကေဘီအေအရာရှိများထံ ဆက်သွယ်မရခဲ့သော်လည်း ဒီကေဘီအေ မိသားစုဝင်တဦးက “သူတို့သွားတာကတော့ သထုံဘက်ကိုပဲ။ တပ်ရင်းတွေအားလုံးနီးပါးပဲ ပါတယ်။ သွားတာက အများကြီးပဲ။ ဗိုလ်ချစ်သူက အကြီးဆုံးဆိုတော့ ပါရင်လည်း ပါသွားမှာပေါ့”ဟု ဆိုသည်။

ထို့အပြင် ရွှေနှင့် သစ်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် သထုံခရိုင်၊ ဘီးလင်းမြို့နယ် နတ်ကြီးမှစ၍ ကလယ့် လော်ဆယ်၊ ဘောပေါ်ထာ့၊ ပတာဒေါ၊ ဝေါ်မူ စသည့်ဒေသများကိုဖြတ်၍ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ် မယ်တိုးဒေသအထိ ကား သွားလာနိုင်ရေးအတွက် ကားလမ်းဖောက်လုပ်သွားမည်ဟုလည်း သတင်းရရှိသည်။

ဒီကေဘီအေတပ်ဖွဲ့များသည် အဆိုပါဒေသများတွင် သစ်ထုတ်လုပ်ရေးကိုသာ ယခင်က လုပ်ကိုင်ခဲ့ကြသော်လည်း ရွှေတူးဖော် ရေးလုပ်ငန်းကို ယခုမှ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

http://www.kicnews.org
မှ ကူးယူဖော်ပြသည်။

Wednesday, 21 October 2009

အိုးအိမ်ထပ်မံစွန့်ခွာသူ ကရင်ရွာသား ၂၅၀ကျော် ရိက္ခာအခက်အခဲ ဖြစ်နေ


ကရင်ပြည်နယ်မြောက်ပိုင်းရှိ ဖာပွန်ဒေသတွင် ယခုလဆန်းပိုင်းက အိုးအိမ်များကို စွန့်ခွာပြီး တောထဲသို့ ထွက်ပြေးပုန်းရှောင် နေကြရသည့် ရွာသူရွာသား ၂၅၀ကျော်မှာ လက်ရှိအချိန်တွင် ၀မ်းရေးအတွက် ရိက္ခာအခက်အခဲများ ဖြစ်လာရသည်ဟု ထိုဒေ သမှလာသည့် သတင်းအရ သိရသည်။

အဆိုပါ ရွာသူရွာသားများသည် ဘူးသိုမြို့နယ်၊ မယ်မွဲကျေးနယ်ရှိ ခလယ့်ဆီ့ခို၊ ဟောသူးပူနှင့် လယ့်ခလော့ကျေးရွာများမှ ရွာ သူရွာသားများဖြစ်ကြပြီး ထိုဒေသတွင် လှုပ်ရှားနေသည့် ဒီကေဘီအေ (၆၆၆)တပ်ဖွဲ့၊ ကဆောဝါးတပ်ရင်းနှင့် လုံခြုံရေးတပ်ရင်း မှ မောင်ချစ်၊ တင်ဝင်းနှင့် အဖွဲ့သားများ၏ အမျိုးမျိုးသော ခြိမ်းခြောက်ခိုင်းစေခြင်းများကို မခံနိုင်၍ တောထဲရှိ ရွာပုန်းရွာရှောင် များ နေထိုင်ရာ ဒေသအတွင်းသို့ အောက်တိုဘာ (၆)ရက်နေ့က ရွာလုံးကျွတ် ထွက်ပြေးရောက်ရှိလာခြင်းဖြစ်သည်။

ထိုသို့ ထွက်ပြေးလာရာတွင် စားစရာများ၊ ဆန်စပါးများကို လုံလုံလောက်လောက် မသယ်ယူနိုင်သည့်အတွက် လက်ရှိအချိန် တွင် စားသုံးရန် အခက်အခဲများ ကြုံလာရခြင်းဖြစ်သည်ဟု ဖာပွန်ဒေသခံတဦးက ပြောသည်။

“ဒီကေဘီအေတွေက အခု လှုပ်ရှားနေတုန်းပဲ။ ကျနော် သိရသလောက် ရွာက ထွက်ပြီးတော့ တောထဲရောက်လာတဲ့ ရွာ သားတွေအားလုံး ၂၅၆ယောက် ရှိတယ်။ အိမ်ခြေက ၃၈လုံးပေါ့နော်။ သူတို့ထွက်လာကတည်းက စားစရာ ဆန်စပါးတွေ အလုံ အလောက် မသယ်နိုင်ဘူးလေ။ ရွာမှာ ပြန်ယူစားဖို့ကလည်း မရဲတာကတကြောင်း၊ ဒီကေဘီအေတွေ ယူစားပြီး ကုန်သွားတာ ကတကြောင်းကြောင့် အခု စားစရာ အခက်အခဲ အတော်လေးကို ကြုံနေရတယ်”ဟု အဆိုပါနယ်ခံက ကေအိုင်စီကို ပြော သည်။

တောတောင်ထဲတွင် ရိက္ခာများခက်ခက်ခဲခဲ ရုန်းကန်သယ်ဆောင်နေကြသည့် ဖာပွန်ဒေသခံတချို့
ထို့အပြင် ၎င်းက “အခု လှုပ်ရှားနေတဲ့ ဒီကေဘီအေတပ်တွေက ရွာသူရွာသားတွေကို အမျိုးမျိုး ခြိမ်းခြောက်ပြီးတော့ ခိုင်း တယ်။ သူတို့အလုပ်တွေ အကုန်လုံးကို ရွာသားတွေ သွားလုပ်ပေးရတယ်။ ဒါ့အပြင် ရွာတွေရဲ့ ဘေးပတ်ဝန်းကျင်တွေမှာ မိုင်း တွေ ထောင်ထားကြတယ်။ အဲဒါကြောင့် ရွာမှာမနေရဲကြတော့လို့ ထွက်လာတာဖြစ်တယ်”ဟု ဆက်လက် ပြောဆိုသွားသည်။

ဖာပွန်ခရိုင်တွင် ၁၉၉၇ ခုနှစ်က နအဖတပ်များ ၀င်ရောက်လှုပ်ရှားစဉ်ကတည်းက ဒေသခံလူထု အများအပြား အိုးမဲ့အိမ်မဲ့အ ဖြစ် ရွှေ့ပြောင်းနေထိုင်ကာ လုပ်ကိုင်စားသောက်ရသည့်အတွက် စားနပ်ရိက္ခာ မလောက်ငှသည့် ပြသနာများ ရင်ဆိုင်ခဲ့ရ သည်။ ထို့အပြင် နအဖတပ်က ယခင်နှစ်များထက် တပ်အင်အားများ ပိုမိုချထားလာကာ စစ်ရေးပိုမိုလှုပ်ရှားလာသည်နှင့်အမျှ ပြောင်းရွှေ့နေထိုင်ရသည့် ရွာသူရွာသား အရေအတွက်မှာ ပိုမိုများပြားလာပြီး စားနပ်ရိက္ခာ မလုံလောက်သည့်ပြသနာ တနှစ် ထက်တနှစ် ဆိုးရွားလာရခြင်းဖြစ်သည်။

ယခု ၂၀၀၉ခုနှစ်တွင် နအဖတပ်များအပြင် ဒီကေဘီအေတပ်များပါ အဆိုပါဒေသအတွင်း ၀င်ရောက်လှုပ်ရှားလာခဲ့ရာ ဒေသခံ ရွာသူရွာသားများကို နှိပ်စက်ညှင်းပမ်း သတ်ပစ်သည်အထိ လုပ်ဆောင်လာခဲ့သဖြင့် လက်ရှိအချိန်တွင် ဖာပွန်ခရိုင် ဘူးသိုနှင့် လူသောမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်တွင်းကရင်ဒုက္ခသည်ပေါင်း ၇၀၀၀ကျော်ရှိသည်ဟု သိရသည်။

http://www.kicnews.org
မှ ကူးယူဖော်ပြသည်။

Tuesday, 20 October 2009

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်စီလူတန်းစားတွေ (ဆောင်းပါး-လူထုစိန်ဝင်း)


“မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား” အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား “အီလစ်”(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး “နဝေတိမ်တောင်” ဖြစ်နေကြပုံ ရပါတယ်။

အပေါ်ယံမှာ ဝေ့ကာဝဲကာ
ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင် မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့ လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံတွေ အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊ ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်
ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည်နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့်တယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။

လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး
မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့ ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ် ပါဘူး။

ရန်/ငါပြတ်လို့
လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ နိုင်ငံတွေ ထဲမှာ ဝင့်ဝင့်ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ လာခဲ့တာပါ။အဲဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ် ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူတွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက် နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင်သူလို့ ကိုယ့်ဟာကိုယ် ကင်ပွန်းတပ်ထားတဲ့ “နိုင်ငံရေးဂုရု” ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။ မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်နှာပြောင်သူတွေ
မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ ကိုယ့်ဟာကိုယ်ခန့်တဲ့ “ဂုရု”တွေ ရေးတဲ့ စာအုပ်တွေ အများကြီး ဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့ လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ “အီလစ်”တွေနဲ့ နိုင်ငံခြားသား “ဂုရု”တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့ လူတွေပဲလို့သာ ကောက်ချက်ချလိုက်ရတော့မှာ ဖြစ်ပါတယ်။