နောက်ဆုံးသတင်း - မြန်မာ

Sunday, 22 November 2009

တိုက်ပွဲဖြစ်ပွားမှုကြောင့် နအဖ ဒုရင်းမှူးတဦး အပါအဝင် (၅)ဦး ဒဏ်ရာရ တပ်ခွဲမှူးတဦးကျဆုံး


နိုဝင်ဘာ (၂၁)ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ ဝေါ်လေဂွင်အတွင်း ယခုရက်ပိုင်းတွင် အသစ်ဝင်ရောက် လှုပ်ရှားလာသော နအဖတပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့တို့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဒုရင်းမှူးတဦးအပါအဝင် တပ်ဗိုလ်တပ်မှူး(၅)ဦး ဒဏ် ရာရရှိခဲ့ပြီး တပ်ခွဲမှူးတဦး ကျဆုံးခဲ့ကြောင်း ထိုဒေသမှ လာသည့်သတင်းရသိရသည်။

ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေရှိ ဝေါ်လေဂွင်မှာ တပ်အပြောင်းအလဲလုပ်ရန် ယခု ရက်သတ္တပတ်အတွင်း ရောက်ရှိလာသော ဒု ဗိုလ်မှူးကြီးကျော်ကျော် ဦးစီးသည့် နအဖ ခလရ (၂၄)တပ်ဖွဲ့သည် ထိုဒေသအတွင်း သွားလာလှုပ်ရှားရာမှ နယ်ခံ ကေအဲန်အယ်လ် အေ တပ်ရင်း(၂၀၁)၊ (၁၀၃) ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်ရင်း (၂၀၁) မှ ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ပြောသည်။

သူက “ယမန်နေ့က ၁၁နာရီ ၂၀မိနှစ်အချိန်မှာ အူးကလေ့ထာ့နဲ့ မနီးမဝေး ဘီးဘောဒေသမှာ နအဖ ခလရ(၂၄)တပ်ဖွဲ့နဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့နဲ့ (၁၅)မိနှစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အဲဒီမှာ နအဖဘက်က ဒုရင်းမှူး မူးကျော်ထင်က ဒဏ်ရာ အပြင်းအထန်ရ တယ်လို့ ကျနော်တို့ သတင်းရတယ်။ ပြီးတော့ တပ်ဗိုလ်တယောက်၊ တပ်ကြပ်ကြီးတယောက်၊ တပ်ကြပ်တယောက်၊ ဒုတပ်ကြပ်တ ယောက်နှင့် တပ်သားတယောက် ဒဏ်ရာရပြီးတော့ တပ်ခွဲမှူးတယောက် သေဆုံးသွားတယ်လို့ ကျနော်တို့ သိရတယ်။ ကျနော်တို့ ဘက်ကတော့ ထိခိုက်မှု မရှိဘူး”ဟု ကေအိုင်စီကို ပြောသည်။

အင်အား (၈၀)ဝန်းကျင်ရှိ အဆိုပါ နအဖ ခလရ(၂၄)သည် ဝေါ်လေဂွင်အတွင်း အခြေစိုက်သည့် နအဖ ခလရ(၂၈၄)နှင့် တပ်အ ပြောင်းအလဲလုပ်ရန်အတွက် ယခုရက်သတ္တတပတ်တွင် ထိုဒေသအတွင်းသို့ ရောက်ရှိလာပြီး တပ်အကြိုအပို့လုပ်နေစဉ် ကေအဲန် အယ်လ်အေ တပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါတပ်များသည် ယခု ၎င်းတို့စခန်းတည်ရှိရာ ထီးကပလယ်နှင့် မယ် ကနဲတွင် ပြန်လည်နေရာယူလျှက်ရှိသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ (၁၁)ရက်နေ့ကလည်း ဝေါ်လေအခြေစိုက် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)နှင့် ဒုဗိုလ်မှူးကြီးမျိုးမြင့် အောင် ဦးစီးသော နအဖ ခလရ(၂၈၄)တပ်ဖွဲ့အကြား ဘုရင့်နောင် အလယ်ကုန်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နအဖဘက်မှ တပ်သားနှစ်ဦး ကျဆုံးသွားခဲ့သည်ဟု သိရသည်။

http://www.kicnews.org

Friday, 20 November 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက်အမှတ် - ၈ / ၁၁ / ၀၉

နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲတင်ပြခြင်း” နှင့်စပ်လျဉ်း၍ ၂၀၀၉ ခုနှစ် နိုင်ဝင်ဘာလ (၁၁)ရက်နေ့တွင် စာရေးသားပေးပို့ ခဲ့ပါသည်။ ယင်းစာကို ပူးတွဲဖေါ်ပြလိုက်ပါသည်။ … အပြည့်အစုံသို့ >>>

Friday, 6 November 2009

ဒေါ်အောင်ဆန်းစုကြည် မပါဝင်က ရွေးကောက်ပွဲ ယုံကြည်မှုမရနိုင်ဟု အမေရိကန်ပြော


Thursday, 05 November 2009 19:49 ကိုထွေး
၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါဝင်ခြင်း မရှိပါက ရွေးကောက်ပွဲကို ယုံကြည်မှု ရှိလိမ့်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံသို့ ၂ ရက်တာ သွားရောက်ခဲ့သည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်က ပြောလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့ မာရှယ်က ဘန်ကောက်မြို့ ချုလာလောင်ကွန်း တက္ကသိုလ်၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည်ကို ကျနော်တို့ တခေါက် သွားရုံနဲ့ တိုင်းပြည်က ပြဿနာ အားလုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မထင်ပါဘူး၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မပါရင် ယုံကြည်မှုရဖို့ ခက်ခဲပါလိမ့်မယ်” ဟု စကော့မာရှယ်က ဆိုသည်။

အမေရိကန်က မြန်မာစစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့ထားမှုများကို ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း သူက ပြောသည်။

စစ်အစိုးရ ခေါင်းဆောင်များက ၎င်းတို့နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် ချထားခြင်းကို လျှော့ပေါ့ပေးဖွယ် ရှိသည်ဟု အရိပ်အမြွက် ပြောခဲ့ကြောင်း ယခုခရီးစဉ်သည် အမေရိကန် အစိုးရ၏ မူဝါဒ အပြောင်းအလဲကို ရှင်းပြရန်နှင့် စစ်အစိုးရ၏ တုံ့ပြန်မှုကို နားထောင်ရန်ဖြစ်ကြောင်း သူက ရှင်းပြသည်။

စစ်အစိုးရက ယခုအချိန်မှ အမေရိကန်နှင့် မည်သည့် အတွက် စေ့စပ် ဆွေးနွေးလိုသည်ကို မသိကြောင်း သူက ဆက်ပြောသည်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်တို့နှင့် သီးခြားစီ တွေ့ဆုံရာ၌ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါဝင်ရေးနှင့် ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်း မရှိဟု ဆိုသည်။

“အမေရိကန်က မြန်မာပြည် အလျင်အမြန် ပြောင်းလဲဖို့ မမျှော်လင့်ပါဘူး၊ အချိန် ယူရဦးမှာပါ” ဟု သူက ဆိုသည်။

စစ်အစိုးရက စီစဉ်နေသည့် ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ၊ တိုင်းရင်းသား ကိုယ်စားလှယ်များဖြင့် ဆွေးနွေးခြင်း မရှိလျှင် လည်းကောင်း၊ သတင်းလွတ်လပ်ခွင့် မပေးလျှင် လည်းကောင်း ရွေးကောက်ပွဲသည် ယုံကြည်နိုင်ဖွယ် မရှိကြောင်း သူက အခိုင်အမာ ပြောသည်။

၂၀၀၈ အခြေခံဥပဒေသည် အားနည်းချက်များ ရှိနေပြီး လူအများယုံကြည်မှု ကင်းမဲ့သည့် ဆန္ဒခံယူပွဲဖြင့် အတည်ပြု ထားကြောင်း၊ ယခုတလော ရန်ကုန်ရှိ သတင်းထောက်များ၊ လူမှုကယ်ဆယ်ရေး ၀န်ထမ်းများကို အဖမ်းအဆီး ပြုလုပ်နေသည့် အတွက်လည်း တစုံတရာ တုံ့ပြန်ရန် စီစဉ်ထားကြောင်း ဧရာဝတီကို ပြောသည်။

သို့သော်လည်း NLD တောင်းဆိုနေသော အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ထောက်ခံပါသလား ဟူသော မေးခွန်းကိုမူ သူက ဖြေကြားခြင်းမရှိပေ။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့၏ မြန်မာပြည် ခရီးစဉ်သည် ယမန်နေ့ ညနေက အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့ လေဆိပ်တွင် ကိုယ်စားလှယ်အဖွဲ့က ကြေညာချက် တစောင် ထုတ်ပြန်ရာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် ကြေညာချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် အမေရိကန် အစိုးရက အပြည့်အ၀ ထောက်ခံကြောင်းလည်း ရေးသားထားသည်။

ထို့အပြင် ဒီမိုကရေစီ အတိုက်အခံများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် စစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားပြီး၊ ယင်းတွေ့ဆုံဆွေးနွေးမှုသည် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် မြန်မာ့ နိုင်ငံရေးတွင် အင်အားစု အားလုံး ပါဝင်နိုင်ရေးကို ဦးတည်သင့်သည်ဟုလည်း ပါရှိသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်၍ အားတက်ဖွယ် မရှိဟု ရခိုင်တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။

“အခုလို အစိုးရနဲ့လည်း တွေ့မယ် တိုင်းရင်းသား၊ NLD နဲ့တွေ့တယ် ဆွေးနွေးတယ်၊ မြန်မာပြည်အကြောင်း သုံးသပ်မယ် ဆက်ပြီးတော့ကြိုးပမ်းမယ် ဆိုတာက ယေဘုယျအနေနဲ့က ကောင်းတယ်လို့ ပြောရပေမယ့် နအဖ အနေနဲ့က သူတို့သွားနေတဲ့လမ်းကြောင်း ကနေ လိုက်လျောဖို့ ပြုပြင် ပြောင်းလဲဖို့ လက္ခဏာတွေ မမြင်တော့ ကောင်းတယ်လို့ ပြောဖို့က ခက်ပါတယ်” ဟ ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

အမေရိကန် အဆင်မြင့်အရာရှိများ၏ မြန်မာပြည် ခရီးစဉ်သည် ၁၉၉၅ ခုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလက နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။

www.irrawaddy.org/bur
မှ ကူးယူဖော်ပြသည်။

Monday, 2 November 2009

ကရင်နီဒေသတွင် တိုက်ပွဲဖြစ်ပွား နအဖ စစ်ကြောင်းမှူးတဦးအပါအ၀င် တပ်သား(၉)ဦး ကျဆုံး


အောက်တိုဘာ ၃၁။ နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်း၊ သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းရှိ ကရင်နီဒေသတွင် နအဖ တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ)နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(ကေအဲန်ပီပီ) ပူးပေါင်းတပ်ဖွဲ့တို့အကြား ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ်ဘက်မှ စစ်ကြောင်းမှူး တဦးအပါအဝင် တပ်သား ၉ဦး ကျဆုံးသွားခဲ့ပြီး ၄ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထိုဒေသမှ လာသည့်သတင်းအရ သိရသည်။

ထိုနေ့ည ၇း၀၀နာရီအချိန်တွင် ကရင်နီပြည်နယ် လောပိတအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခမရ (၅၃၀)မှ စစ်ကြောင်း(၂)က သံလွင်မြစ်အရှေ့ခြမ်း မယ်ဆက်မြို့ဒေသအတွင်း လှုပ်ရှားလှည့်လည်စဉ် ဒေသခံ ကေအဲန်ပီပီနှင့် ကေအဲန်ယူ တပ်မဟာ (၂)မှ ကေအဲန်အယ်လ်အေ ပူးပေါင်းတပ်တို့နှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် နအဖဘက်က စစ်ကြောင်းမှူး ဗိုလ်ကြီး တင်ထွန်းအောင်၊ ဗိုလ်ဥာဏ်လင်းဦးနှင့် အကြပ်တပ်သား (၇)ဦးတို့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ကေအိုင်စီကို ပြောဆိုသွားသည်။

သူက “ခမရ (၅၃၀)မှ ဗိုလ်ကြီးတင်ထွန်းအောင် ဦးစီးတဲ့ စစ်ကြောင်း(၂)က အင်အား ၄၀၀န်းကျင်လောက်ရှိမယ်။ သူတို့က အဲဒီမယ်ဆက်မြို့ ဒေသတွေမှာ ဝင်ရောက်လှုပ်ရှားတာ။ မနေ့ည ၇း၀၀နာရီအချိန်လောက်မှာ အဲဒီ ဗိုလ်ကြီးတင်ထွန်းအောင်အဖွဲ့နဲ့ ဒေသခံ ကေအဲန်ပီပီ၊ ကေအဲန်အယ်လ်အေ ပူးပေါင်းတပ်နဲ့ မယ်ဆက်မြို့အနီးတ၀ိုက်မှာရှိ ထောပလာရိုကားလမ်းပေါ်မှာ တွေ့ဆုံပြီးတော့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက နာရီဝက်လောက်ကြာတယ်။ နအဖ ဘက်ကတော့ စစ်ကြောင်း မှူးအပါအဝင် (၉)ဦး ကျဆုံးတယ်။ (၄) ဦး ဒဏ်ရာရတယ်လို့ ကြားတယ်” ဟု ဆိုသည်။

ထိုတိုက်ပွဲတွင် နအဖ ဘက်မှ ကျဆုံးဒဏ်ရာရမှု ရှိသော်လည်း ကေအဲန်ပီပီနှင့် ကေအဲန်အယ်လ်အေ ပူးပေါင်းတပ်ဘက်တွင် ထိခိုက်ဒဏ်ရာရမှု မရှိဘူးဟု သိရသည်။

ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်ရှိ ဒေသခံတပ်များနှင့် နအဖ တပ်များအကြား အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် ယခုအကြိမ် ဖြစ်ပွားသည့်တိုက်ပွဲသည် နအဖ တပ်ဖွဲ့ဝင်များ အကျအဆုံးအများဆုံးနှင့် တိုက်ပွဲဖြစ်ပွားချိန်အကြာဆုံးဖြစ်သည်ဟု သိရသည်။

http://www.kicnews.org
မှ ကူးယူဖော်ပြသည်။